မုန်တိုင်းလာတော့မယ်

1.4K 243 4
                                    

ထောင့်တစ်နေရာမှာရပ်နေသောရှုရင်ကိုမြင်လိုက်ရချိန်တွင် ပိုင်မင့်တစ်ကိုယ်လုံးတောင့်တင်းသွားကာ လက်ထဲဝှေ့ယမ်းနေသောခလောက်တံလည်း ရပ်တန့်သွားလေသည်။ရှုရင်က သူ့အားကြောက်မက်ဖွယ်ကောင်းစွာစိန်းစိန်းဝါးဝါးစူးစိုက်ကြည့်နေကာ သူ့ဆံပင်တွေကလည်း ဝံပုလွေတစ်ကောင်၏လည်ဆံမွေးကဲ့သို့ အနည်းငယ်ထောင်နေ၏။
ရှုရင်၏ပုံမှန်အေးဆေးတည်ငြိမ်မှုတွေပျောက်ကွယ်နေပြီး သားရဲစိတ်ဝင်နေသောလူတစ်ယောက်၏ ဘာကိုမှဂရုမစိုက်သောအမူအရာက အစားထိုးဝင်ရောက်လာလေသည်။ဘေးတစ်ဖက်တစ်ချက်တွင်လည်း လက်သီးကိုတင်းတင်းဆုပ်ထားလျက်ရှိ၏။

"အာ...ရှောင်...ရှောင်ရင်...မင်းဘာဖြစ်နေတာလဲ။" ​ပိုင်မင်မေးလိုက်မိသည်။သူအသံထဲတွင် ကြောက်ရွံ့တုန်လှုပ်မှုတွေ တစ်စွန်းတစ်စပါဝင်နေ၏။

ရှုရင်ဘက်မှဘာမှပြန်ပြောမလာပေ။အဲ့ဒီအစား သားကောင်ကိုခုန်အုပ်တော့မည့်ကျားရဲတစ်ကောင်အလား သူ့မျက်လုံးများက ပိုင်မင့်ကိုသာ တစိုက်မတ်မတ်စူးစိုက်ကြည့်နေလေသည်။

တစ်စုံတစ်ခုကိုနားလည်သဘောပေါက်သွားသဖြင့် ပိုင်မင်ပင့်သက်ရှိုက်ရင်းပြောလိုက်မိသည်။ "ဒီအခြေအနေက မင်းရဲ့ရောဂါနဲ့ဆက်စပ်နေတာတော့မဟုတ်ပါဘူး​နော်?တကယ်လို့များ အဲ့လိုဆက်စပ်နေတယ်ဆိုရင်လည်း မင်းမှာသွေးလုံလုံလောက်လောက်မရှိတော့လို့လား?ရှောင်ကွေ့က ခုနကလေးတင်ပဲ ငါ့ကိုပြောခဲ့...ဝိုးဝိုးဝိုး...နောက်ပြန်ဆုတ်စမ်း!" သူပြောလို့မဆုံးသေးခင်မှာပင် ရှုရင်က ရုတ်တရက်ကြီး သူ့ဆီသို့အရှိန်အဟုန်ဖြင့်လျှောက်လှမ်းလာ၏။ဤအခြေအနေတွင် ပိုင်မင်ကြောက်ရွံ့တုန်လှုပ်မနေဘူးလို့ပြောလျှင် လိမ်ရာကျပေလိမ့်မည်။

လုရှစ်စွင်းဆီကနေ 'သွေး' ဟူသောစကားလုံးထွက်လာချိန်၌ ရှုရင်၏သည်းခံနိုင်စွမ်းကို ကျော်လွန်သွားလေတော့သည်။ အခုအချိန်တွင် သူ့ကိုယ်ပိုင်အသွေးအသားထဲ၌ ဖော်ပြ၍မရသောအာသီသပြင်းပြမှုတစ်ခုဖြစ်တည်နေကာ ဒီဟာကိုဖြေလျှော့ဖို့အတွက် နည်းလမ်းတစ်ခုတည်းရှိတယ်ဆိုတာကို သူသိသည်။ရှုရင် လုရှစ်စွင်းရှိရာဘက်သို့ဆက်လက်သွားနေလိုက်ပြီး ထိုသူ့ဘက်က ထွက်ပြေးတော့မည်ဟုဆုံးဖြတ်ထားပုံဖြင့် နောက်သို့ခြေနှစ်လှမ်းဆုတ်လိုက်ချိန်တွင် သူ ဒေါသထွက်သွားရသည်။

A Lotus Born Of Mud(Myanmar Translation) (Completed) Where stories live. Discover now