ကျနော် ဒေစီပန်းတွေကို သိပ်သဘောကျတယ်...ဒေစီပန်းတွေရဲ့ အဓိပ္ပာယ်က မေတ္တာသက်ဝင်နေရင်တောင် ဖွင့်ပြောမှာ မဟုတ်ပါဘူး တဲ့လေ...
...............
ကျနော် သဘောကျတဲ့ ဒေစီပန်းတွေရဲ့ အလယ်မှာ မောင်က ရပ်နေလေရဲ့...လေလေးတွေလည်း တဖြူးဖြူးနဲ့ပေါ့ ။
မောင်က သိပ်ကြည့်ကောင်းနေတာ...ကျနော်သဘောကျရတဲ့ မောင့်ရဲ့ အပြုံးချိုချိုလေးနဲ့ ကျနော့်ကို ပြုံးပြနေတာများ ကျနော့်မှာ အသက်ရှူဖို့တောင် မေ့နေလေရဲ့...။ ဒီအိမ်မက်လေးထဲမှာ ဒီနေ့တော့ ကြာကြာလေး နေချင်မိသေးတယ်...။" တီ...တီ... "
နှိုးစက်က မြည်နေပြီဖြစ်သည်။နန်းလွန်းသည် ထ၍ နှိုးစက်ကို ပိတ်လိုက်သည်။
" ဟမ်း...အိမ်မက်လေးထဲ ကြာကြာနေမလို့ပါဆို"
" အယ်!! 8 နာရီတောင် ကျော်နေပြီ မောင် တော့ သောင်းကျန်းနေတော့မှာပဲ "
နန်းလွန်းသည် အိပ်ရာပေါ်မှ အလျှင်အမြန်ထကာ ရေချိုးခန်းထဲကို အမြန်ဝင်ရတော့သည်။
" မေမေရေ သားနောက်ကျနေပြီ "
နန်းလွန်းအသံ ကြားသည်နှင့် အမေဖြစ်သူ ဒေါ်နန်းဆိုင်သည် မီးဖိုခန်းမှ အမြန်ထွက်လာကာ...
" နေအုန်း နေအုန်း မနက်စာ စားသွားအုန်းလေ သား "
" မေမေကလည်း မောင့်ကို ဝင်နှိုးရအုန်းမှာ နောက်ကျနေပြီ "
ပြောလည်းပြောရင်း နန်းလွန်းသည် ဖိနပ်အမြန်စီးကာ ခွန်စိုင်းအိမ်ကို သွားရန်သာ အလျင်လိုနေတော့သည်။
" ရော့ ရော့ ပေါင်မုန့်လေး ဖြစ်ဖြစ် ယူသွား...စိုင်းလေးက မနိုးလောက်သေးပါဘူး သားရယ် "
" မောင့်အကြောင်း မသိတာလည်း မဟုတ်ပဲ မေမေရာ...သူမနိုးခင်ရောက်မှ မဟုတ်ရင် သားကို တနေကုန် စိတ်ဆိုးနေမှာရယ်...
မေမေ သားသွားပြီနော်...အာဘွား မွမွ "နန်းလွန်းတစ်ယောက် ပေါင်မုန့်လည်း စားရင်း ပြောလည်း ပြောရင်း အမြန်ထွက်သွားတော့သည်။
" ဟမ်း ဒီကလေးကတော့လေ...
စိုင်းလေး စိတ်ဆိုးမှာပဲ ကြောက်တယ် ဒီကလေးကတော့လေ "