Part (9)

12 2 0
                                    

ခိုင်လုံသည့် သဲလွန်စ တစ်ခု ရှာမတွေ့မချင်း နှင်းဝတ်လွှာသေဆုံးမှုရဲ့ နောက်ကွယ်မှာ သိုဝှက်ထားတဲ့ အရာတွေကို မှန်းဆဖို့ မလွယ်ကူပါ။

ဖြစ်နိုင်ချေ ရာ၊ထောင်ချီနေ၍ မဟုတ်ဘဲ ချည်မျှင်တစ်မျှင်စာမျှလောက်တောင် လမ်းစ ရှာမရတာကြောင့်ဖြစ်သည်။

Theater art ဌာနရဲ့ ၅ ထပ်မြောက် အလွှာတစ်ခုလုံးမှာ အကလေ့ကျင့်သည့် ခန်းမကျယ်ကြီးများသာ ရှိသည်။

ကော်ရစ်ဒါဘက်ကနေ ကာထားသည့် မှန်နံရံ တစ်ဖက်ကနေ တစ်ဆင့် ခန်းမထဲရှိ အက လေ့ကျင့်နေသူတွေကို မြင်နေရသည်။

အကခန်းက ဆိုင်းသံသည် လှေကားထစ်တွေကို နင်းဖြတ်လာသည့် ထိုက်ဟုန်စစ်ရဲ့ ခြေသံအား ဖုံးလွှမ်းသွားသည်။

ဆိုင်းသံက လှေကားနှင့် အနီးဆုံးအခန်းမှဖြစ်၏။
ကျောင်းဆင်းချိန်ကျော်သွားသည်အထိ အကတိုက်နေတာက မပြီးသေးသည့်ပုံပင်။
အခန်းမှာ အသံလုံသည့် အခန်းဖြစ်သော်လည်း တံခါးနှစ်ဖက်လုံးကို ဖွင့်ထားသဖြင့် အကတိုက်နေသည့် အသံပလံအားလုံးကို အပြင်ကနေကြားနေရ၏။ 
ကျောင်းဆင်းပြီး မပြန်သေးတဲ့ ပြဇာတ်မေဂျာ ကျောင်းသူကျောင်းသားအချို့က ထို အခန်းအပြင်ဘက်ကနေ ပွဲကြည့်သလို ဝိုင်းအုံကြည့်နေကြသည်။

အပေါ်ပိုင်း အင်္ကျီလက်ပြတ်နှင့် တောင်ရှည်ကို ခါးထောင်းကျိုက်ထားသည့် ခွန်းယံက ခန်းမထဲရှိ အကတိုက်နေသည့် ကျောင်းသားများကြားမှာ ထင်းထွက်နေသည်။
တောင်ရှည်အောက်ကနေ ထွက်နေသော အားကစားဘောင်းဘီရှည်သည် ဖရိုဖရဲနိုင်လှသော်လည်း ခွန်းယံရဲ့ အေးစက်စက်နဲ့ မာနကြီးတဲ့ ပုံရိပ်ကို မပျက်စီးစေပေ။
သူသည် ဆိုင်းဝိုင်းနဲ့ မလှမ်းမကမ်းတွင် တင်ပျဉ်ခွေထိုင်လျက် လက်ထဲတွင် နှင်းဆီပွင့် တစ်ပွင့်ကိုင်ထားသည်။
အကတိုက်ရင်း ချွေးစက်များစီးကျနေသည့် သူ့ပုံစံမှာ သေသပ်မှုက နတ္ထိ။

ခွန်းယံက ချွေးတို့နှင့် စိုရွှဲနေသည့် ဆံပင်ရှည်တွေကို ခပ်မြင့်မြင့်စည်းဖို့ရာ လက် မအားတာကြောင့် နှင်းဆီပန်း ရိုးတံကို ပါးစပ်တွင် ကိုက်လိုက်သည်။

VEILS OF MINZARIWhere stories live. Discover now