အပိုင်း ၅

8.7K 723 57
                                    

Unicode

"ကိုရဲခေါင်!!"

ဆိုင်ကယ်သံ တဘွန်းဘွန်း နှင့် လီဗာခပ်ကြမ်းကြမ်းဆွဲကာရောက်ချလာသည့် သျှား က ဆိုင်ကယ်ပေါ်မှ အော်ခေါ်ရင်း ရဲခေါင်ကိုလက်ဝှေ့ယမ်းပြ၏ စခန်းတွင်းမှ လက်ပြန်ဝှေ့ယမ်းပြမိတော့ တောင်ဆင်းလမ်းတစ်လျှောက်ဆင်းချလာရင်းစခန်းတွင်းအရှိန်မလျှော့ဘဲမောင်းချလာ၏ ရဲခေါင်နားရောက်မှ ဘရိတ်စောင့်အုပ်သည့် သျှား က အမြဲ ထိုသို့ ပင်။

"တစ်ကောင်မိထားတယ်ဆို"

"လိုက်ခဲ့....မင်းသဘောကျမှာ"

ဆိုင်ကယ်ဒေါက်ထောက်ကာ ရဲခေါင်နောက် တက်တက်ကြွကြွလိုက်လာသည့် သျှား က ဆင်တွေကိုသိပ်သဘောကျသည်။ စခန်းခေါင်းဆောင်အရှိန်နှင့် သျှား ကိုမည်သူမျှ ပခုံးဖက်မပေါင်းရဲသည်ကြောင့် သူငယ်ချင်းလို ညီအစ်ကိုလိုပေါင်းပေးတတ်သည့် ရဲခေါင်ကိုလည်း သျှား ကသိပ်ခင်တွယ်၏

"တေဆင်"

"ဝေါင်း..........မိုက်တယ်"

ရဲခေါင်ဘက်လှည့်၍ လက်မနှစ်ဖက် ထောင်ပြသည့် သျှား ကမျက်လုံးတို့တစ်လက်လက်နှင့်။

"ဒီကောင်ကြီးကခက်မှာပဲ"

"ကြိုးစားကြည့်ရမှာပေါ့"

တေဆင်ဟူသည် မွေးကတည်းကအစွယ်တစ်ချောင်းတည်းပါသည့်ကောင်မျိုး။ ထိုတစ်ချောင်းသည်သန်မာသည်။ တေဆင်တို့သည် ဖမ်းမိဖို့မလွယ်။ ရှားပါးဆင်မျိုးလည်းဖြစ်သည်။ ဘယ်တော့မှ ဆင်အုပ်နှင့်အတူမနေတတ်။ ယဥ်အောင်လုပ်ရသိပ်ခက်ခဲသည်။ ထို့ကြောင့် ရဲခေါင်ပိုစိတ်လှုပ်ရှားနေ၏

"ကိုရဲခေါင်"

"ပြော သျှား"

"ကိုရဲခေါင် အဖေကဆင်နင်းခံခဲ့ရတာ။ ဒါပေမယ့် အစ်ကိုကဆင်တွေကိုသဘောကျတုန်းပဲ"

"အသက်တစ်ချောင်းအတွက် အသက်တစ်ချောင်းပြန်ယူခဲ့တယ်သျှား။ ဒါပေမယ့် ငါနောင်တရနေတယ်"

"ဘာဖြစ်လို့လဲ"

"ငါ့အဖေကို နင်းသတ်လိုက်တဲ့ ဆင်က မုန်ယိုနေခဲ့တယ်။ ဒါပေမယ့် အဲ့ဒီ့ဆင်ကို ရူးရူးမိုက်မိုက်ပြန်သတ်ပစ်လိုက်တဲ့ငါက အဲ့ဒီ့အချိန် အရက်တစ်ခွက်တောင်မသောက်ထားခဲ့ဘူး"

Smile Sparkle ShineWhere stories live. Discover now