အခန်း ၂၈

5.3K 665 108
                                    

Unicode

ရှမ်းပြည်၏ ဆောင်းငွေ့သည်အေးစိမ့်နေ၏ မနက်မိုးလင်းတာနဲ့ အနွေးထည်ခပ်ထူထူ၊ ခေါင်းဆောင်း၊ နားကာ၊ ခြေအိတ်၊ လက်အိတ်တွေနဲ့ မီးစာလှုံရသည်။ ဒါတောင် ခိုက်ခိုက်တုန်နေ၏ နေ့လည်နေ့ခင်းအချိန်မှာနေရောင်ခြည်ပြပြသာထွက်ပေမယ့်အအေးဓါတ်ကတော့ ပျောက်မသွား။ ဒီဒေသရဲ့ အအေးဒဏ်နဲ့နေသားကျနေသူတချို့ကတော့နေ့ခင်းဘက်တွေဆို အနွေးထည်တောင်မလို။ သို့သော် ဝန်းရံခကတော့ နေ့ခင်းဘက်တွေတောင် အနွေးထည်ခပ်ထူထူကို ဝတ်ထားမိဆဲ။

ကလေးတွေကို စာသင်ပြီး ကျောင်းက ပြန်ချိန်သည် ညနေ သုံးနာရီခွဲလောက်ရှိပြီဖြစ်သည်။ ဒီနေ့တော့ ရဲခေါင်စာလာသင်မည့်ရက်ဖြစ်သည်ကြောင့် ဝန်းရံခခြေလှမ်းတွေကို ခပ်သွက်သွက်လှမ်းမိသည်။ စည်းမလွတ်ဝါးမလွတ်စကားကို သူပြောပြီး သူကိုယ်တိုင်မျက်နှာပူသွားသည့် ဆင်ဦးစီးကြီးကို ထူးဆန်းစွာပင် ဝန်းရံခစိတ်မဆိုးမိ။ စာသင်ပေးသည့် ဆရာတစ်ယောက်အနေနဲ့ ထိုသို့စည်းဘောင်ကျော်သည့်စကားတွေကို ခွန်းတုန့်မပြန်ဘဲကြောင်အစွာကကြည့်နေခဲ့မိသည့် ကိုယ့်ကိုယ်ကိုလည်း အံ့သြလို့မဆုံး။

"ဆရာလေး"

အိမ်နားရောက်သည်နှင့် ခြံဝထွက်စောင့်နေသည့် ရဲခေါင်ကြောင့် ဝန်းရံခမျက်ခုံးပင့်သွားသည်။ အချိန်က လာရမည့်အချိန်ထက်အနည်းငယ်စောရောက်နေသည့်အပြင် ခြံရှေ့ထူးထူးဆန်းဆန်းရပ်စောင့်နေသည်ကြောင့် ခပ်သွက်သွက်အနားသွားလိုက်သည်။

"သော့ရှိတယ်မလား ရဲခေါင်။ အိမ်ထဲဝင်နေလေ။ ဘယ်လိုဖြစ်လို့ ခြံရှေ့မတ်တပ်ကြီး"

"ဟို....ဆရာလေး"

"အင်း"

သော့ရှိတယ်မလားလို့သာမေးလိုက်ပေမယ့်အိမ်ကို လှမ်းကြည့်မိတော့ သော့ကအပွင့်ရက်။ မျက်နှာထက်အနည်းငယ်အားတုန့်အားနာဖြစ်နေပုံရသည့်ရဲခေါင်ကြောင့် ပြောလာမည့်စကားကို သာစောင့်နေလိုက်သည်။

"သျှားက ကျွန်တော်ဆီရောက်လာပြီး ဆရာလေးနဲ့တွေ့ချင်တယ်ဆိုလို့...အဲ့ဒါ"

"ငါနဲ့"

"ဟုတ်....အရေးကြီးလို့ပါတဲ့။ မျက်နှာလည်းသိပ်မကောင်းတာနဲ့ ကျွန်တော်လည်းခေါ်လာခဲ့လိုက်တယ်။ ဆရာလေးဆီက ခွင့်ပြုချက်အရင်မတောင်းလိုက်မိသလိုဖြစ်သွားလို့...."

Smile Sparkle ShineWhere stories live. Discover now