Chapter 4

3.6K 735 76
                                    

Unicode

ပိုပိုနီးစပ်လာသည့် ဆက်ဆံရေး
_____________________________

တစ်ကြိမ်ရှိရင် နှစ်ကြိမ်ဆိုတာလည်းရှိလာဦးမှာပဲ။ အဲ့လိုပဲ သုံးကြိမ်ကနေ လေးကြိမ် စသဖြင့် ဝေ့လန် ဝေ့ရွှင်းအိမ်ကိုသွားသည့်အကြိမ်ရေက စိပ်သထက်ပိုစိပ်လာခဲ့သည်။ ဝေ့လန်ဟာ ငယ်ငယ်လေးကတည်းကနေ ဒီအသက်အရွယ်အထိ ကိုယ့်ကိုယ်ကိုယ်စိတ်မဆင်းရဲအောင် ထားတတ်တဲ့လူမျိုးဖြစ်တာကြောင့် သူ ဝေ့ရွှင်းအိမ်သွားရတာကိုကြိုက်နှစ်သက်လျှင် အခုချက်ချင်းကောက်ခါငင်ကာ ထသွားမည့်လူစားမျိုးဖြစ်သည်။ ဟိုတွေးဒီတွေးဖြင့် ခေါင်းစားခံနေမည်မဟုတ်ပါ။ ဝေ့ရွှင်းက များသောအားဖြင့် အပေါ်ထပ်မှာပဲ သူ့ဘာသာနေတတ်သော်ငြား အိမ်ထဲလူရှိနေသည်ဆိုသည့်အသိကတင် ဝေ့လန်ကိုသက်တောင့်သက်သာဖြစ်စေသည်။

ဝေ့ရွှင်းလည်း တဖက်လူ၏တရင်းတနှီးနေတတ်သည့် စိတ်ထားကြောင့် အမြဲတမ်း ကူကယ်ရာမဲ့နေရသည်။ သို့သော် သူတတ်နိုင်တာဆိုလို့လည်း ဘာမှမရှိပေ။ သူဟာ သူ့နယ်မြေကို လူစိမ်းအဝင်မခံသည့် ခြင်္သေ့တစ်ကောင်လို တစ်တောင်လုံးကို ဟိန်းဟောက်ပြီး အုပ်ချုပ်နေပေမဲ့လည်း ဝေ့လန်၏တက်ကြွသည့်အပြုံးလေးကို မြင်လိုက်ရချိန်တိုင်း၊ အိတ်ကပ်ထဲက ကစားစရာတစ်မျိုးမဟုတ်တစ်မျိုးထုတ်ပေးပြီး အိမ်ထဲဝင်ခွင့်ပြုဖို့ တောင်းဆိုခံရချိန်တိုင်း မသိလိုက်မသိဘာသာဖြင့် ခွင့်ပြုပေးနေမိပြန်သည်။

ထိုကဲ့သို့ အကြိမ်ရေ ပိုပိုစိပ်လာတော့ အန်တီဝမ်တောင် သူ့ခွင့်ပြုချက်လာမတောင်းတော့ပဲ ဝေ့လန် ဘဲလ်လာတီးတာနဲ့ အော်တိုတံခါးဖွင့်ပြီးသားဖြစ်နေသည်အထိ ရင်းနှီးနေကြပြီဖြစ်သည်။

ဝေ့လန်လည်း ဝေ့ရွှင်းရဲ့ပြောင်းလဲမှုတွေကို သတိထားမိလာတဲ့အတွက် အချိန်ရှိတိုင်း မကြာမကြာလာလည်သည်။ ဝေ့ရှီးအလုပ်များသည့်အချိန်တွေဆို ဝေ့လန်ဆီဖုန်းကြိုဆက်ပြီး အိမ်ပြန်နောက်ကျမည်ဆိုသည့်အကြောင်းနှင့် အိမ်မှာလိမ်လိမ်မာမာနေဖို့ အမြဲမှာတတ်သည်။ ဝေ့လန်က အမေကို အင်းအင်းဖြင့် ချွေးသိပ်လိုက်ပေမဲ့လည်း လာကြိုသည့်ကားသမားက ဝေ့ရွှင်းအိမ်ရှေ့ကနေဖြတ်တာနဲ့ ကားကိုနေရာမှာတင် အတင်းရပ်ခိုင်းပြီး မအေကို ဝေ့ရွှင်းအိမ်မှာရှိနေကြောင်း အသိပေးကာ ထိုအိမ်မှာပဲ သူ့အမေပြန်မလာမချင်း သွားနေ,နေတတ်သည်။

ရုပ်ရှင်ဧကရာဇ်၏ သေလမ်းရှာ စေ့စပ်ထားသူလေး [ ဘာသာပြန် ] || Extra ||Where stories live. Discover now