💛 Sweet Like Honey 💛
အပိုင်း 10
"အဲ့တော့ ဒီကိစ္စကို ဘယ်လိုဖြေရှင်းကြမှာလဲ ချိုရီ ...... အခုလိုင်းပေါ်မှာ တော်တော်လေးကို ပွက်လောရိုက်နေပြီ.... ပြဿနာက ချိုရီ နဲ့ ပုံထဲမှာ ပါတဲ့တစ်ယောက်ရဲ့ ဆက်ဆံရေးပဲ ...... အခုအခြေအနေတွေက ရှေ့တိုးလို့လဲ မရ ၊ နောက်ဆုတ်လို့လဲမရတဲ့ အနေအထားဖြစ်နေပြီ ......."
"ဒီအတိုင်း ရိုးရိုး ခင်မင်ကြတဲ့ ဆက်ဆံရေးလို့ ပြောပြီးပြီလေ စီအီးအိုရဲ့ ..... ချိုရီက ဘာကိုထပ်ပြီးရှင်းပြရဦးမှာလဲ ..... မနေ့က သူ့ဆိုင်ကို ချိုရီ ကြော်ငြာရိုက်ပေးပြီး ရနံ့ကုထုံးကို စိတ်၀င်စားလို့ သူ့ဆီမှာ ရနံ့ဆီလေးနဲ့ အနှိပ်ခံခဲ့တယ်..... ပြီးတော့ အပြန်ကို သူက လိုက်ပို့ပေးတယ်..... ဖြစ်ခဲ့တာတွေအားလုံးက အခု ချိုရီပြောသွားသလောက်ပဲ ..... အဲ့ထက်ပိုတာ ဘာမှမရှိဘူး......."
"ရနံ့ဆီနဲ့ အနှိပ်ခံတယ် ဟုတ်.... ဟုတ်လား..... သူ ကိုယ်တိုင် ချိုရီ့ကို နှိပ်ပေးတာလား... ဘယ်နေရာတွေကို နှိပ်ပေးတာလဲ ....."
"လက်ကိုပဲ နှိပ်ပေးတာပါ စီအီးအိုရဲ့ ..... စီအီးအို ဆိုသည်မှာလဲ ဘာတွေ လျှောက်တွေးနေတာလဲ မသိဘူး......"
အတွေးချော်သွားတဲ့ သူမတို့ရဲ့ စီအီးအို မခက်သစ်ကြောင့် လက်ကို နှိပ်ပေးတာဖြစ်ကြောင်းကို ချိုရီမှာ ပြန်ပြီး ဖြေရှင်းချက်ထုတ်ရသည်။
အဲ့တော့မှပဲ ဟင်းဆိုပြီး သက်ပြင်းချသွားကြတဲ့ စီအီးအိုနဲ့ မဆုန်တို့ကို ကြည့်ပြီး ချိုရီ ခေါင်းခါလိုက်မိသည်။
"ဒါပေမဲ့ အခုကိစ္စက ချိုရီ အစ်မတို့ကို လွယ်လွယ် ရှင်းပြလိုက်သလိုမျိုး အားလုံးကို ရှင်းပြလို့ မရဘူးလေ.....အထူးသဖြင့် ချိုရီရဲ့ Anti-Fan တွေပဲ ..... ချိုရီ နဲ့ ပုံထဲမှာပါတဲ့ ကောင်လေးသာ ဘာမှမပတ်သက်ပါဘူးလို့ ဖြေရှင်းလိုက်ရင် သူတို့အကြိုက်တွေ့ပြီး သူစိမ်းယောကျာ်းလေးတစ်ယောက်ရဲ့ ကားပေါ်ကို အလွယ်တကူ ပါသွားတဲ့ ချိုရီဆည်းဆာဆိုပြီး သမုတ်ကြတော့မှာ..... အခွင့်သင့်ရင် သင့်သလို ချိုရီ့ကို တိုက်ခိုက်ဖို့ချောင်းနေကြတဲ့ သူတွေကို ရွှေလို အခွင့်အရေးမျိုး ပေးလိုက်သလို ဖြစ်သွားမှာ..... Anti-Fan တွေရော ချိုရီရဲ့ ပြိုင်ဘက်မင်းသမီး Fan တွေပါ ၀ိုင်းပြီး ဆွမ်းကြီးလောင်းကြတော့မှာ..... အဲ့ဒီအစား Dating News ကို confirm လိုက်တာမှ ပိုပြီး အဆင်ပြေဦးမယ်......."