💛 Sweet Like Honey 💛
အပိုင်း 40
မင်းသမီး C ၊ မင်းသမီး H ဆိုပြီး ရည်ညွှန်းထားတဲ့ သတင်းတစ်ပုဒ်ကို ဖတ်လိုက်ရပြီးနောက် ချိုရီ ငိုင်တွေသွားရသည်။
လွှမ်းဖြူစင်နဲ့ သူမ အဆင်မပြေတာမှန်ပေမယ့် သူမဘ၀ကို အဲ့လောက်ထိ စုတ်ပြတ်သ၊တ်သွားအောင်လို့ လွှမ်းဖြူစင်ဘက်က တိုက်ခိုက်လိမ့်မည်ဟု ချိုရီ တကယ်ကို မထင်ထားခဲ့ချေ။
ယုတ်စွအဆုံး သူမကို မင်းသားဇိုင်ယမ်နဲ့ဖောက်ပြန်တဲ့မိန်းကလေးအဖြစ် အထင်လွဲအောင် လုပ်ခဲ့တာကိုတောင် မေမုန်းညိုတို့ဘက်က လုပ်တာလို့ပဲ ထင်ထားခဲ့တာဖြစ်သည်။
အခုတော့ လွှမ်းဖြူစင်က ဒီကိစ္စတွေအားလုံးရဲ့ နောက်ကွယ်မှ တရားခံဖြစ်နေလေသည်။
ချိုရီ စိတ်ထဲမှာ တကယ်ကို တုန်လှုပ်သွားမိသည်။
"ချိုရီ ......"
စိတ်ထဲတုန်လှုပ်နေတုန်းမှာပဲ မောင့်အသံကို ကြားလိုက်ရ၍ ချိုရီ့ ပခုံးလေး တုန်သွားရသည်။
"ဟင်........ချိုရီ့ကို ခေါ်လိုက်တာလား မောင်......"
"ဟုတ်တယ် ချိုရီ ...... ငရုတ်သီးအစိမ်းမှုန့်ဘူးက ဘယ်မှာလဲလို့ မေးမို့ ...... ဖုန်းထဲမှာ ဘာသတင်းထပ်တက်လာပြန်လို့လဲ ချိုရီ ......."
သူမမျက်နှာကို ကြည့်ရုံနဲ့ သူမစိတ်ကို ဖတ်တတ်တဲ့ မောင်က အခုလဲ ခန့်မှန်းနိုင်စွာဖြင့် သူမအား မေးခွန်းထုတ်လာသည်။
"မင်းသားဇိုင်ယမ် ဖောက်ပြန်တဲ့ သတင်းကို စဖြန့်ခဲ့ပြီး ချိုရီကို မေမုန်းညိုအဖြစ်နဲ့ အထင်လွဲအောင် လုပ်ခဲ့တဲ့ နောက်ကွယ်က တရားခံက လွှမ်းဖြူစင်တဲ့ မောင်......"
"ဟင်....."
သူမစကားကြောင့် မောင်က မျက်ခုံးတွေ ပင့်တက်ကာ အံ့သြသွားလေသည်။
"ချိုရီ့ကို ဘယ်သူပြောတာလဲ...."
"ဒီမှာ သတင်းတက်လာတာမောင်...... လွန်ခဲ့တဲ့ ၂နာရီကမှ (......) သတင်းဌာနရဲ့ page က တင်ထားတာ......."
"ဟုတ်လား မောင့်ကို ပြပါဦး ...."
မောင်က သူမဆီမှ ဖုန်းတောင်းကြည့်ပြီး သတင်းကို ယူဖတ်သည်။