💛 Sweet Like Honey 💛
အပိုင်း 64
"ရောင်နီ ...... မူကြိုတက်ရတာ ဘယ်လိုနေလဲ ......."
"ဟင်....."
မူကြိုဆင်းခါနီးပြီမို့ လွယ်အိတ်ထဲကို ပစ္စည်းတွေ တစ်ခုချင်း ကောက်ထည့်ပြီး သိမ်းနေတဲ့ ရောင်နီ့အနားကို မြူခိုး ရောက်သွားကာ မူကြိုတက်ရတာ ဘယ်လိုနေလဲဟု မေးလိုက်တော့ ရောင်နီက သူ့ကို မျက်လုံး၀ိုင်းလေးတွေနဲ့ ငေးကြည့်လာလေသည်။
"မူကြိုတက်ရတာ ပျော်လား......"
"အွန်း ...... မင်းနဲ့ တူတူတက်ရလို့ အရမ်းပျော်တယ် မြူခိုး......."
"ဟီး ...... ငါလဲ မင်းလိုပဲ ..... ငါတို့ ၂ယောက် မူကြိုတူတူတက်ရလို့ ပျော်တယ်......."
ရောင်နီပျော်တယ်ဆို၍ မြူခိုးမှာ စိတ်အေးသွားရပြီး မျက်လုံးလေးတွေ လခြမ်းကွေးသဏ္ဍာန်ဖြစ်သွားတဲ့အထိ ပြုံးလိုက်မိသည်။
"ဒါဆို လူကြီးတွေ မေးတဲ့အချိန်ကျရင် ငါတို့ အရမ်းပျော်တယ်လို့ပဲ ဖြေကြမယ်နော် ရောင်နီ ......"
"အွန်း......"
ဒီနေ့ မူကြိုကို အသစ်ရောက်လာကြသည့် ရောင်နီ နဲ့ မြူခိုး ဆိုတဲ့ ကလေးလေး ၂ယောက်ကို ကြည့်ပြီး ဆရာမမှာ ပြုံးလိုက်မိသည်။
နာမည်လေးတွေရော လူလေးတွေရော တကယ်ချစ်ဖို့ကောင်းသည်။ ဒါပေမဲ့ နှစ်ယောက်ထဲမှာ မြူခိုးလေးက ပိုသွက်ပြီး ကျန်တဲ့ကလေးတွေနဲ့လဲ စစတွေ့တဲ့ အချိန်ထဲက ချက်ချင်းကို ရင်းနှီးသွားသည်။ ရောင်နီလေးကတော့ ခပ်အေးအေးပဲ နေတတ်ပြီး ညီဖြစ်တဲ့ မြူခိုးလေးကို တော်တော်တွယ်တာပုံရ၏။ ပထမဆုံးနေ့မို့လားတော့ မပြောတတ် ..... ရောင်နီလေးက တခြားကလေးတွေနဲ့ သိပ်ပြီး မရင်းနှီးသေးပေ။
ရောင်နီလေးရဲ့ အမေရော ၊ မြူခိုးအမေ(ရောင်နီ့အဒေါ် ) ရောက ကလေး၂ယောက်ရဲ့ အမူအကျင့်လေးတွေကို မူကြိုလာအပ်တုန်းက သူမကို သေချာပြောပြခဲ့တာကြောင့် ရောင်နီလေး မူကြိုမှာ တဖြည်းဖြည်းပျော်လာဖို့ကို သူမအနေနဲ့ ဂရုတော့စိုက်မှရမည်ဟု တွေးလိုက်မိသည်။
"ရောင်နီ နဲ့ မြူခိုး ...... "
"ဗျာ....."
"ဟုတ် ......"