4 - မင်းကြောင် မင်းပြန်ခေါ်စမ်း

29 5 0
                                    

နေလက်ရုံးတယောက် ကန်တင်းရောက်တော့ ချိန်းထားကြသည့်အတိုင်း လူသိပ်မစုံကြသေး။ ပဉ္စမနှစ်ကအစ်ကိုသာ ရောက်နှင့်သေးသည်။ မနက်ခင်းအတန်းချိန်တိုင်းက (၁၂)နာရီထိုးလျှင် ပြီးပြီဟု ဆိုနိုင်သော်လည်း တခါတရံတွင်တော့ စာသင်သည့်အခြေအနေအမျိုးမျိုးကြောင့် စောဆင်းသည့်နေ့ ဆင်းပြီး၊ နောက်ကျသည့်နေ့ နောက်ကျတတ်သည်မှာ ထုံးစံဖြစ်သည်။

"အစ်မရေ.. ကျွန်တော့်ကို ထမင်းပေါင်းတပွဲ"

သူသည် ကန်တင်းက ဆိုင်တခုခုတွင် ဝင်စားသည့်အခါတိုင်း ဆိုင်ဝန်ထမ်းက စားပွဲနားလျှောက်လာကာ "ဘာမှာမလဲ"ဟူ၍ မေးမည့် အပြောကလေးကိုပင် မစောင့်တတ်။ ဆိုင်ထဲသို့ ဝင်လာလျှင်ဝင်လာချင်း "အစ်မရေ...ဘယ်သူရေ၊ ဘယ်ဝါရေ.."ဟု အစချီကာ လှမ်းအော်ပြီး မှာတတ်သည်။

အစားအသောက်မှာရာ၌လည်း သူ့အတွက် ပုံသေနည်းကနှစ်ခုသာသာပဲ ရှိသည်။ မနှစ်တုန်းကဆိုလျှင် ပုံမှန်နေ့ရက်များတွင် 'နန်းထိုက်'မှ ရန်ကုန်ထမင်းပေါင်း မှာစားကာ နံဘေးကပ်ရပ်ရှိ 'အကျိ'ဆိုင်မှ နွားနို့ပူပူချိုချိုလေး ပြေးဝယ်သောက်တတ်သည်။ လက်ထဲတွင် ပိုက်ဆံပြတ်လုလုဖြစ်လာလျှင်တော့ MTUကျောင်းသားတို့၏ ထုံးစံအတိုင်း တနေ့တာ၏သုံးနပ်လုံး လက်ဖက်ထမင်းနှင့်ပဲ နှစ်ပါးသွားရတော့သည်။ ငါးရာတန်နွားနို့တခွက် ပုံမှန်ဝယ်သောက်နေကျမှသည် ကန်တင်းအတွင်းရှိ'Creator'မိတ္တူဆိုင်က သုံးရာတန်ဒိန်ချဉ်ဘူးဖြင့်သာ အစားထိုးရတတ်ပါသည်။ အဲ့သည်အရာတွေပြီးလျှင်တော့ 'ဒေါ်ဂွက်'ဆိုင်မှ ကြာဆန်ချဉ်စပ်သည် သူ့အကြိုက်ဆုံးဖြစ်ပါ၏။

"ဘယ်လိုလဲ .. မနေ့က Logoကိစ္စ အဆင်ပြေသွားလား""

ထမင်းသွားမှာအပြီး အပြင်ဘက်ဆုံးကျကျခုံကို ဆွဲယူထိုင်စဥ် စီနီယာအစ်ကိုက ထိုသို့ မေးလာသည်။

"ပြေပါ့ဗျာ.. ကျွန်တော်နဲ့ မသော်တာလည်း နည်းနည်းလေးတော့ ခေါင်းစားသွားလို့.. ဘယ်ဆိုင်မှာမှ ကျွန်တော်တို့လိုချင်တဲ့ပုံစံ အပ်မရဘူးလေ .. အဲ့ဒါနဲ့ ကျောင်းကို ခဏပြန်လာပြီး main buildingမှာ ဝင်နားကြရင်းမှ၊ ကိုယ့်ဘာကိုယ်ပဲ အဆင်ပြေသလို ဖန်တီးလိုက်ရတယ်"

ပျားရည်မြစ် (Those Bygone Years)Donde viven las historias. Descúbrelo ahora