14 - ဘာလို့ ဒီလိုမျိုး ဆွံ့အနေရတာပါလိမ့်

34 5 0
                                    

Chapter (14), Part (1)

>> အိမ်ကိုပြန်လာဦး

ချန်းမင်းပို့ထားသော SMSကိုကြည့်နေရင်း နေလက်ရုံးသည် တွေဝေနေမိ၏။ ယောင်ယမ်းကာ ထဆဲမိသည့်နေ့နံနက်ကတည်းက Fresher Welcome ကို အကြောင်းပြုကာ ထွက်လာပြီးနောက် သူ့အစ်ကိုအား အဆက်အသွယ်လည်း မပြုဘဲ၊ တိုက်ခန်းကိုလည်း မပြန်ဖြစ်ဘဲ ကျောင်းတွင်သောင်တင်နေသည်မှာ ရက်အတော်ကြာပြီဖြစ်သည်။

မနေ့ညက အတော်ကလေးခေါင်းကိုက်သဖြင့် ဆေးသောက်ကာ ည(၉)နာရီဝန်းကျင်ကတည်းက အိပ်လိုက်ပြီး မနက်(၅)နာရီခန့်တွင် နိုးလာခြင်းဖြစ်သည်။ သည်လိုကျတော့လည်း အိပ်ရေးဝနေသဖြင့် နေရထိုင်ရသည်မှာ တမျိုးဖြစ်နေ၏။ နောက်ဆိုလျှင် ညဖက်စောစောအိပ်ပျော်ရန် ဆေးသောက်ပြီးအိပ်ရမလိုပင်။ သူအိပ်ပျော်သွားပြီးချိန်ခန့်မှ messageဝင်ထားခြင်းဖြစ်သည်။ ချန်းမင်း၏ ထုံးစံအတိုင်း စာကြည့်စရာရှိသည်ကို ကြည့်ကာ အိုးခွက်ပန်းကန်တွေဆေးကြောပြီးမှ ပို့ခြင်းဖြစ်ပါလိမ့်မည်။

ဝန်ခံရလျှင် သူ မပြန်ချင်သေးပါ။
ယခုအထိ မျက်နှာပူနေဆဲဖြစ်ပါသည်။ အားနာ၍ တခုခုပြောချင်သော်လည်း နှုတ်လေးနေမိပြီး ချက်ချင်းထုတ်မပြောနိုင်ပြန်။ ထို့ကြောင့် နောက်ဆုံးတွင် ချန်းမင်းကိုရှောင်မိခဲ့ခြင်းဖြစ်သည်။

'အားလည်းနာပြီးတော့ မျက်နှာလည်းပူတယ်'

'အတော်​လေးပါးစပ်စည်းမရှိတဲ့လူဆိုတာ ကိုယ့်ကိုယ်ကိုယ်သိပေမဲ့ ရိုင်းစိုင်းနေတာကြီးမဟုတ်ကြောင်းကို ပြောပြချင်နေတယ်'

'ဘယ်လိုနေနေ ငါမှားသွားတာဆိုတော့ တောင်းပန်တယ်ဆိုတဲ့အကြောင်းလည်း ပြောချင်တယ်'

'မျက်နှာလွှဲပြီးနေတယ်ဆိုတာထက် တကယ်က အားနာပြီးဘာလုပ်ရမလဲ မသိနေတာဆိုတဲ့အကြောင်းလည်း ပြောချင်တယ်'

'လခွမ်းတဲ့မှ .. ပြောချင်တာတွေများနေပြီးတော့ ဘယ်နားကစရမလဲမသိတော့ဘူး'

'ဘာမှ အစီအစဉ်တကျ မပြောတတ်တော့လို့ စာပြန်မပို့ဘဲ ထားလိုက်ရတော့မလား..'

'အခုကရော မြို့ထဲကို ပြန်ရမှာလား မပြန်ရဘူးလား'

နားထင်ကို လက်ညိုးဖြင့်ကုတ်မိရပြန်ပြီ။
အခန်းထဲတွင် မှောင်နေသေးသကဲ့သို့ အပြင်ဖက်တွင်လည်း အမှောင်ထုက နံနက်ခင်းအား ငွေ့ငွေ့ကလေးထွေးဖက်ထားဆဲ။ မယ်ဇလီကိုင်းမြင့်တို့ဆီမှ ကျေးငှက်သံတွေကို နားဝင်ပီယံဖြစ်စွာ ကြားနေရ၏။ ခုတင်တဖက်တချက်စီတွင် အခန်းရှင်နှစ်ဦးသည် ဟောက်သံပေး၍ အိပ်ပျော်နေကြဆဲပင်ဖြစ်သည်။ နေလက်ရုံးက စောသီဟနှင့်ဇော်လင်းဆွေတို့၏ ခုတင်နှစ်လုံးကြားရှိ အောက်ကြမ်းခင်းပေါ်တွင် ဖော့အခင်းတခု ဖြန့်ခင်းကာ ထိုအပေါ်ကမှ စောင်ထူတွေထပ်ခင်းပြီး လုံးထွေးအိပ်နေခြင်းဖြစ်၏။

ပျားရည်မြစ် (Those Bygone Years)Where stories live. Discover now