10 - Cigarette Talk

35 5 0
                                    

နေလက်ရုံးသည် ဆိုင်ကယ်ကို T1(စာသင်ဆောင်)ရှေ့က ထင်းရှူးပင်တန်းအောက်တွင် ထိုးရပ်လိုက်ပြီး ဆိုင်ကယ်ဦးထုပ်ကို ရှေ့ခြင်းထဲထည့်လိုက်သည်။ မွန်းလွဲနေရောင်အောက်၌ ဖြတ်လျှောက်လာခဲ့ရင်း စာသင်ခန်းရှေ့ကော်ရစ်ဒါပေါ်တွင် ရယ်ကာမောကာအကတိုက်နေကြသော ကျောင်းသူတွေဆီ ခဏမျှ အကြည့်ပို့လိုက်ပါသည်။ အားလုံးသည် ပုံမှန်တကျ။ အကသင်ပေးနေသူအများစုက 5th batchက မိန်းကလေးတွေပဲဖြစ်သည်။

ကျောင်းသို့လာရာလမ်းတွင် ဆိုင်ကယ်ကိုတဟုန်ထိုးမောင်းလာရင်း လမ်းတဝက်အထိ စိတ်မငြိမ်နိုင်ခဲ့သေးသော်လည်း တဖြည်းဖြည်းနှင့် မနက်က သူ့စိတ်တွင်းဖြစ်ပျက်ခဲ့သမျှဂယက်တို့သည် ယခုအခါတွင် ပြန်လည်ငြိမ်သက်စ ပြုနေပြီ။ သူသည် တတ်နိုင်သမျှပျော်အောင် ကြံဖန်ကြိုးစားပြီး နေထိုင်လိုပါသည်။ အသက်ကို ဝဝရှူလိုက်သည်။ ကုက္ကိုပင်ဆီက လေတိုးသံသည် သာယာနာပျော်ဖွယ်။

'အေးဆေးပါပဲ'
ပုခုံးတွန့်မိလိုက်သေးသလား ကိုယ့်ဘာကိုယ်မသေချာ။ သေချာတာကတော့ သူသည် မနေ့က နည်းတူ၊ ဒီနေ့လည်း တက်ကြွစွာနေထိုင်မည်ဆိုတာပဲဖြစ်သည်။

ဆိုင်ကယ်သော့ကိုတော့ ထုံစံအတိုင်း လည်ပင်း၌ စွပ်လျက်သား။

စာသင်ဆောင်အတွင်း အသံဗလံပေါင်းစုံဆူညံနေသည်ကို အပြင်မှပင် ကောင်းစွာကြားနိုင်သည်။ သည်စာသင်ခန်းတွေက ရှေ့ဆုံးက စာသင်သည့် stageရှိရာမှ အနောက်ဖက်သို့တဖြည်းဖြည်းမြင့်တက်သွားတတ်သည့် Theater Hallအမျိုးအစားဖြစ်သည်။ ထို့ကြောင့် ကော်ရစ်ဒါအရှေ့မှ လှေကားလေးထစ်မျှတက်သွားပြီး ဝင်သွားပါက စာသင်ခန်းရှေ့တံခါးသို့ တခါတည်းတန်း၍ဝင်သွားနိုင်သည်။ အနောက်ဖက်တံခါးကတော့ အမြင့်ပိုင်းကို တက်ရသည်မို့ နောက်ထပ်လှေကားထစ်တွေနှင့်ပေါ့။

Theaterစာသင်ဆောင်သည် စုစုပေါင်းလေးဆောင်ရှိပြီး သူတို့အားလုံးက T1, T2, T3နှင့် T4 ဟုပင် ခေါ်ကြပါသည်။ ထင်းရှူးပင်တွေ၊ ကုက္ကိုရိပ်တွေအောက်က T1နှင့် T2 အဆောင်သည် ကျောချင်းကပ် တွဲလျက်အဆောင်ဖြစ်၏။

ထို့အတူ စာသင်ဆောင်ဝင်းအတွင်းမှထွက်ကာ ထိုလမ်းအတိုင်း ပင်မဆောင်မျက်နှာစာနှင့် ဆောက်လက်စ,ပင်မဆောင်အသစ်တို့ နှစ်ခုကြားမှ၊ ရှေ့သို့ ဆက်လျှောက်လိုက်ပါက တမာရိပ်ကောင်းကောင်းနှင့်ဝင်းကျယ်တခုထဲတွင် T3နှင့် T4ကို ကျောချင်းကပ်လျက်သားတွေ့နိုင်ပါသည်။

ပျားရည်မြစ် (Those Bygone Years)Where stories live. Discover now