Chapter (12), Part (1)
"နေကောင်းတယ်နော်"
မတွေ့တာကြာပြီဖြစ်သော အသိမိတ်ဆွေတွေ အမှတ်မထင်ပြန်ဆုံကြသည့်အခါ 'နေကောင်းရဲ့နော်'ဟု မလွဲမသွေနှုတ်ဆက်ဖို့ သတ်မှတ်ထားကြပုံပေါ်သည်။ ကံတရားသည် နေလက်ရုံးအား ဤအခိုက်အတန့်ကို ကျော်ခွဖြတ်သန်းခွင့် မပေးလေသဖြင့်၊ မလိုလားဘဲနှုတ်ဆက်လာသူကို မဖြေချင့်ဖြေချင် ပြန်ဖြေလိုက်ရတော့သည်။
"အင်း"
ပြီးနောက် မြတ်မင်းမောင်ဖက်သို့ ဖြည်းညင်းစွာလှည့်လိုက်၏။ သို့သော် စေ့စေ့မကြည့်မိ။ မျက်လုံးထောင့်စွန်းတွင် သူမြင်နေရသည်က ယခင်ကထက် ပိုမိုခန့်ညားလာသော မျက်နှာနှင့် မြတ်မင်းမောင်တယောက် တည်ငြိမ်နေစွာ ရပ်နေတာပဲဖြစ်သည်။ သည်တော့ သူကသာ တုန်လှုပ်နေခဲ့ရသူဖြစ်မည်ထင်၏။ ခေါင်းကိုပြန်ငုံ့လိုက်ပါသည်။
"မင်း ဒီကျောင်းရောက်သွားတာတော့ သိလိုက်ပေမဲ့.. အခုမှပဲ ဆုံတော့တယ်"
မြတ်မင်းမောင်၏စကားသံသည် အေးဆေးပေါ့ပါးစွာထွက်လာသည်။
နေလက်ရုံးမှာမူ သူနှင့်ဆန့်ကျင်စွာ၊ စကားပြောရန်ပင် အားယူနေရပါသည်။ သူ့လက်အစုံသည် အေးစက်ပြီး ချွေးစေးတွေပြန်နေသည်ကို ကိုယ်တိုင်လည်း သိနေသည်။ သို့သော် ထိုအေးစက်စက်လက်တွေဖြင့် အင်္ကျီလက်ဖျားစတွေကို ခပ်တင်းတင်းဆုပ်ဆွဲထားမိသည်ထက်ပိုပြီး ဘာမှထပ်မလုပ်တတ်။ နားထင်တွင် ချွေးစို့လာသကဲ့သို့ တဆက်တည်းမှာပင် ဆံပင်တိုတိုကြား၌လည်း ခေါင်းချွေးတွေ တရွေ့ရွေ့ဖြင့် စီးဆင်းနေသည်ကို ကောင်းစွာခံစားမိသည်။ ဘယ်လိုမခံမရပ်နိုင်ဖြစ်ခြင်းမျိုးပါလိမ့်။
"ငါ! သွားတော့မယ်"
"အချိန်နည်းနည်းလောက် ရမလား"
မကြားဟန်ဖြင့်လစ်လျူရှုကာ ရှောင်ဖယ်မည်ပြုသည့်အခိုက် မြတ်မင်းမောင်ထံမှ မေးခွန်းတို့ထပ်ထွက်လာသဖြင့် နေလက်ရုံး၏မျက်ခုံးထူတို့က အလိုလျောက် ကျုံ့မိလျက်သား။
ဘာအတွက်လဲ!
ဘာပြောဖို့လဲ!
ဘာကိစ္စလဲ!
သို့မဟုတ်၊ သူတုန်လှုပ်နေတာ မြင်သိလျက်နှင့် တမင်တကာပင် လှောင်ချင်၍ခေါ်နေခြင်းလား။ နှစ်ယောက်သား တိတ်ဆိတ်သွားပါသည်။
BINABASA MO ANG
ပျားရည်မြစ် (Those Bygone Years)
Teen Fiction"ဒီလိုကွာ... ဘဝမှာလေ .. မသေသေးသမျှ နေပေးရမှာပဲ၊ အဆင်ပြေရုံလေးပဲဆိုတဲ့ အဲ့ဒီစိတ်ကနေ .. စားဖူးချင်တဲ့ အစားအစာ၊ သွားဖူးချင်တဲ့ တနေရာရာ၊ ဒါမှမဟုတ်.. တခါလောက်ပဲဖြစ်ဖြစ် အရဲစွန့်ချဉ်းကပ်ချင်မိတဲ့လူ ဒါတွေရှိလာတဲ့အခါ ရုတ်တရက်ကြီး 'ငါတော့ ကျန်းမာနေမှဖြစ်မယ်၊...