"လက်ယျာ"အတန်းအားလုံးပြီးဆုံးချိန်တွင် အိမ်သို့တန်းပြန်လာလိုက်သည်။ညနေစာစားဖို့ပင်စိတ်မပါတော့သည့် သူ၏စိတ်အခြေအနေကြောင့် လမ်းတစ်လျှောက်ရှိ စားသောက်ဆိုင်များအား ကျော်ဖြတ်ကာ အိမ်သို့တိုက်ရိုက်ပင် ဦးတည်ခဲ့တော့သည်။ သို့သော် သူ၏အစာအိမ်သည် အိမ်သို့အရောက်တွင် သူ့အားသစ္စာဖောက်လာခဲ့သည်။ "လက်ယျာ"မတက်နိုင်သောကြောင့် အိမ်တွင်ရှိသော ပေါင်မုန့်အားမီးကင်ကာ ကော်ဖီနှင့်မျှောချရတော့သည်။ထို့နောက် "လက်ယျာ" ရေချိူးပြီး၍ ရေချိူးခန်းထဲမှ bathrobe ဝတ်ကာထွက်လာလိုက်သည်။စာကြည့်စားပွဲပေါ်တွင် တင်ထားခဲ့သည့် သူ၏ဖုန်းသည် တုန်ခါနေသောကြောင့် လက်ယျာ ဖုန်းအားကောက်ကိုင်လိုက်သည်။
"မင်းအိမ်ပြန်ရောက်ပြီလား"
"လက်ယျာ"သူ၏ခေါင်းပေါ်မှ တစက်စက်ကျနေသောရေများအား လက်ဖြင့်တစ်ချက်နှစ်ချက်ပုတ်ကာခါထုတ်လိုက်သည်။
"အင်း"
"ညစာရော"
"စားပြီးပြီ"
ထို့နောက် အိပ်ယာပေါ်သို့ နောက်ပြန်လှဲချလိုက်သည်။
"ဘာနဲ့စားလဲ"
"ပေါင်မုန့်မီးကင်နဲ့ကော်ဖီ"
"ညစာကို ဘာကိုကော်ဖီလဲ...အရသာရှိတာတစ်ခုခုစားမှပေါ့"
"ညဘက်ဆို အဆီများတာတွေမစားချင်လို့"
"ကိုယ်တစ်ခုခု လာပို့ပေးမယ်လေ"
"မလိုဘူး..ငါခဏနေရင်အပြင်ထွက်စားမှာ"
"ကိုယ်ကမင်းကိုလွမ်းလို့ အကွက်ဆင်တာကို"
ထိုစကားကြောင့် "လက်ယျာ"သဘောတကျရယ်မိသွားသည်။သို့သော် မဆိုသလောက် အသံထွက်သွားကာ ထိုရယ်သံသဲ့သဲ့လေးအား"မိုးသောက်"ကြားဖြစ်အောင်ကြားသွားသေးသည်။
"မင်းရယ်နေတယ်"
"ရယ်လို့မရဘူးလား"
"ကိုယ်မထင်ထားမိလို့"
ထို့နောက် ဖုန်းဆက်သွယ်မှုသည် ရုတ်တရက်ပျက်တောက်သွားခဲ့သည်။"လက်ယျာ"လှဲနေရာမှထကာ ဖုန်းအားနားမလည်နိုင်စွာကြည့်၍ ဖုန်းပြန်ခေါ်ရန် ပြင်ဆင်လိုက်သည်။သို့သော် နောက်ဆုံးတွင် သူမခေါ်ဖြစ်တော့။ထိုအခါမှ bathrobe အားချွတ်ကာ ဟူဒီတစ်ထည်နှင် ချည်သားဘောင်းဘီရှည်တစ်ထည်
အား ကောက်စွပ်လိုက်ရသည်။ထို့နောက် ဖုန်းအားဖွင့်ကာ ဟိုကြည့်သည်ကြည့်လျှောက်ကြည့်ပြီး မကြာမှီ အိမ်ရှေ့တံခါးမှ ဘဲလ်သံမြည်လာခဲ့သည်။ "လက်ယျာ"ဆိုဖာပေါ် ခွေအိပ်နေရာမှ ခုန်ဆင်း၍ အိမ်တံခါးဆီ အမြန်သွားလိုက်သည်။တံခါးဖွင့်လိုက်သည်နှင့် အထုပ်ကြီးနှစ်ထုပ်အား ဘယ်တစ်ထုပ် ညာတစ်ထုပ်ဆွဲထားသည့် "မိုးသောက်"အား တွေ့လိုက်ရသည်။