Part 25

18K 721 6
                                    

အပိုင်း - ၂၅

(အတိတ်ရပ်ဝန်း)

သာယာလှပသည့် ရွာငယ်လေး။ ဒီရွာလေးက အေးအေးချမ်းချမ်းရှိလှသည်။ ကုက္ကိုပင်များ အုံ့ဆိုင်းနေသည့် ရွာဝင်လမ်းလေးကစပြီး ရွာထဲရှိ အိမ်လေးများ။ ရွာအနောက်ဖက်မှာ ရှိနေသည့် လယ်ကွင်းများ။ စိမ်းစိမ်းစိုစို သစ်ပင်များ။ သဘာဝအလျှောက် အလေ့ကျပေါက်သည့် တောပန်းလေးများ။ ထို့အပြင် ရွာအပြင်ဖက်မှာ ကွေ့ဝိုက်စီးနေသည့် စမ်းချောင်းလေး။ ရွာလေးကို ကျော်လွန်လိုက်ပါက တိမ်များဆိုင်းနွယ်ထားသည့် တောင်တန်းကြီး။ ဒါတွေ အားလုံးက ရိုးမရွာလေး၏ ကောင်းချီးမင်္ဂလာများပါပေ။

ရာ သိတတ်စအရွယ်ကတည်းက ရာတို့ ဒီရွာလေးမှာနေကြရ၏။ မေမေ၊ ရာ၊ ရာ၏ အမွှာညီလေး မြဲမြံတို့ အတူတူနေထိုင်ကြသည့် နေ့ရက်များက အေးအေးချမ်းချမ်းရှိသည်။ ရာတို့မှာ ဖေဖေမရှိ။ သို့သော် မေမေကပင် ရာတို့အတွက် မေမေရော ဖေဖေပါဖြစ်သည်။ မေမေက ရာတို့ကို မိခင်လို ကျွေးမွေးပြုစုစောင့်ရှောက်ပြီး ဖခင်လို မားမားမတ်မတ် ကာကွယ်ပေးသည်။ ချောမောလှပသည့် မေမေ့ကို ချူလိုသူများပြားလှသော်လည်း မေမေကတော့ ရာတို့ညီအကိုကိုသာ ပြုစုစောင့်ရှောက်ဖို့ ရွေးချယ်ခဲ့သည်။ ဘယ်ယောကျာ်းနှင့်မှ မပတ်သက်ခဲ့။

ရာနှင့် မြဲမြံအတွက် မေမေက အရာအားလုံးဖြစ်သည်။ ဟန်ရှန်းမဟူရာနှင့် ဟန်ရှန်းမြဲမြံရာ အတွက် မေမေကသာ လောကကြီးပင်။

ထိုနေ့။ ရာတို့၏ ဘဝထဲ တစ်စုံတစ်ယောက်ရောက်ရှိလာသည့် ထိုနေ့။ ထိုအရာက ရာအတွက် ကြီးမားလှသည့် ဘဝအချိုးအကွေ့ကို ဖြစ်ပေါ်စေမည်မှန်း ရာ ကြိုတင်သိရှိခဲ့ပါက... ရာ ငြင်းဆန်ခဲ့မည်သာ။

ထမင်းအိုးတည်နေသည့် မေမေ့အနားတွင် ရာက ဟင်းရွက်လေးများ ကူခြွေပေးနေသည်။ မြဲမြံကတော့ လျှော်ထားသည့် အဝတ်များကို နေထုတ်လှန်းနေ၏။ ရာတို့က (၁၀) နှစ်သားအရွယ်ဖြစ်သည့်အတွက် မေမေ့၏ ကူဖော်လောင်ဖက်အသေးစားလေးများ ဖြစ်နေကြပြီ။ မေမေ့၏ အလုပ်များကို ကောင်းမွန်စွာ ကူလုပ်ပေးနိုင်ကြပြီလေ။

"ရာ.. ပြီးရင် အရွက်တွေကို ရေဆေးထားနော်... ချက်တာတော့ မေမေချက်လိုက်မယ်... ဒါနဲ့ အဝတ်တွေလျှော်ထားတော့ စည်ထဲရေနည်းနည်းဖြည့်ထားပေးဦး"

အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ (Completed)Where stories live. Discover now