အပိုင်း - ၄၃
ကုတင်ပေါ်တွင် မှောက်ရက်ဖြစ်နေသည့် တိမ်ရောင်က တစ်ညလုံးငိုထား၏။ ထို့အပြင် မနက်စာလည်း မစားဟု အိမ်တော်ထိန်းက ခွင်းကို ပြောသွားလေသည်။ ခွင်းက တိမ်ရောင်၏ ကုတင်ဘေးတွင် ဝင်ထိုင်လိုက်သည့်အခါ တိမ်ရောင်က မျက်လုံးလေး ဖွင့်ကြည့်ရှာသည်။ ဝမ်းနည်းနေသည့် မျက်လုံးလေးများကို ခွင်းမသနားပါ။
"ရာ.. သက်သာရဲ့လား.. မနက်စာလည်းမစားဘူးဆို"
တိမ်ရောင်က ခေါင်းကို အသာယာငြိမ့်ပြ၏။
"အင်း.. ရာ မစားချင်ဘူး ကိုကို"
"ဘာလို့လဲ ရာရဲ့.. အစားစားပြီး ဆေးသောက်ရမယ်လေ"
"ရာ ဘာမှမစားချင်ဘူး ကိုကို... စားမဝင်တာဆိုရင် ပိုမှန်လိမ့်မယ်"
ခွင်းက ရာ၏ ပခုံးလေးကို အသာယာကိုင်လိုက်သည်။
"မနေ့က ကိုယ်သတိလွတ်သွားလို့.. ရာ.."
"အဟင့်... ကိုကို.. ရာရဲ့ တက်တူးက ရုပ်ဆိုးသွားပြီလားဟင်"
ခွင်း ဘာမှ ပြန်မဖြေမိ။ ဒီတက်တူးက တိမ်ရောင်နဲ့မှ မသက်ဆိုင်လေဘဲ။ တိမ်ရောင်က ဒီတက်တူးကို အတော်လေး တန်ဖိုးထားနေဟန်။ ခွင်း သက်ပြင်သာ ချလိုက်မိ၏။
"ဒါက တက်တူးတစ်ခုပါပဲ ရာရယ်.. ဒီတက်တူးက အရေးမှမကြီးတာ.. ရာ နေကောင်းဖို့က ပိုအရေးကြီးတယ်လေ"
"အင့်ဟင့်.. ဒါက ကိုကို့ကြင်ယာတော်ဆိုတဲ့ သင်္ကေတပဲကို.. ရာ ဘာလို့ ဒီလောက်ထိ နမော်နမဲ့နိုင်နေရတာလဲ.. အခုတော့ ရုပ်ဆိုးကုန်ပြီ"
ခွင်းက တိမ်ရောင်၏ ဆံနွယ်လေးများကို ဖွလိုက်၏။
"ရာ.. ကိုယ်တို့မင်္ဂလာပွဲမတိုင်ခင်မှာ ကိုယ်တို့အိမ်တော်ရဲ့ ရိုးရာတစ်ခုရှိတယ်"
ခွင်းက အာရုံပြောင်းပေးရင်း ပြောလိုက်သည့်အခါ တိမ်ရောင်က ခေါင်းလေးစောင်းပြီး ကြည့်လာခဲ့သည်။
"ဘယ်လို ရိုးရာလဲ ကိုကို"
"ရာမှာ မေမေရှိသေးတယ် မဟုတ်လား"
ခွင်း၏ စကားကြောင့် တိမ်ရောင်၏ မျက်ဝန်းလေးများ မှိုင်းညို့သွားလေပြီ။ သို့သော် တိမ်ရောင်ကတော့ ဟန်ကိုယ့်ဖို့'ဆိုသလို မျက်နှာကို ချက်ချင်းပြင်လိုက်၏။
YOU ARE READING
အမုန်းနဲ့ပျိုးတဲ့ ချစ်ခြင်းအလင်္ကာ (Completed)
Teen Fiction(+ Warning) အစားထိုးထားတဲ့အရာတစ်ခုက နှလုံးသားတစ်ခုကိုခြွေဖို့ လုံလောက်ရဲ့လား...။