66

632 67 0
                                    

အခန်း၆၆။ တောင်းပန်ရခြင်း

အခြေအနေက ဤကဲ့သို့ဖြစ်လာသောအခါ အထွေအထူးပြောစရာမရှိတော့ပေ။ ပြဿနာကြီးကြီးမားမားသည်လည်း သေးသေးမွှားမွှားဖြစ်သွားကာ အချင်းချင်း ယဉ်ကျေးပျူငှာစွာပင် ဆက်ဆံကြလေတော့သည်။

“ အရှင့်သားတော် ခြောက်၊ ပေါ့လျော့လှတဲ့ တာဝန်ရှိသူတွေကြောင့် ကျွန်တော်မျိူးတို့ အိမ်တော်က သမီးလေးဟာ အရှင့်သားကို ထိခိုက်စေခဲ့မိပါတယ် ”

ထိုသို့ပြောပြီး စွေ့သခင်ကြီးက စွေ့ယင်းယင်းဘက်သို့လှည့်ကာ -

“ ယင်းယင်း၊ ဒီကိုလာပြီး အရှင့်သားတော် ခြောက် ကို မြန်မြန်လာမတောင်းပန်သေးဘူးလား ” ဟု မာန်လိုက်လေသည်။

စွေ့ယင်းယင်းက -

“ သူက သမီးကို အရင်အရှက်ခွဲတာလေ ” ဟု ခပ်တိုးတိုးပြောလိုက်သေး၏။ သို့သော် သူမအဖေ၏ ပြင်းထန်လှသော အကြည့်ကြောင့် လီယင့်၏ ရှေ့သို့ မလျှောက်ချင် လျှောက်ချင်နဲ့ လျှောက်လာကာ ကြားရရုံလေသံဖြင့် တောင်းပန်လိုက်လေသည်။

“ အရှင့်သား၊ ယင်းယင်းမှားသွားပါတယ်။ တောင်းပန်ပါတယ် ”

လီယင်က လက်ဖြင့် နားနားကိုကပ်၍ မကြားရသည့်ဟန်လုပ်ကာ -

“ ဘာပြောတာ။ မကြားရဘူး ” ဟု တမင်ပြောလိုက်သည်။

စွေ့ယင်းယင်းသည် အင်မတန်စိတ်တိုကာ အံကြိတ်ထား၏။ စိတ်ထဲရှိသည့်အတိုင်းသာဆို ထိုးပစ်ချင်သည်။ ကိုက်ပစ်ချင်သည်။ သို့သော်လည်း အားမတန်မာန်လျှော့ကာ -

“ ယင်းယင်း မှားသွားပါတယ် အရှင့်သား ” ဟု ထပ်မံတောင်းပန်လိုက်ရသည်။

စွေ့သခင်ကြီးလည်း ဘေးမှာ ရှိနေသည့်အတွက် ဒီထက်ပိုစလို့တော့ မဖြစ်။ ထို့ကြောင့် သူလည်း ခေါင်းညိတ်လိုက်ပြီး ယင်းယင်း၏ တောင်းပန်မှုကို လက်ခံပေးလိုက်ရတော့သည်။ ကိစ္စများ ပြီးပြတ်သွားသဖြင့် စွေ့ရှောင်လည်း စွေ့ယင်းယင်းကို ပြန်ခေါ်သွားလေပြီ။ သို့သော် သူ လီယင်ကို နောက်ဆုံးကြည့်ခဲ့သော အကြည့်ထဲတွင် အမျိုးအမည်မသိရသော ရှုပ်ထွေးသည့် ခံစားချက်များပါဝင်လေသည်။ လီယင် ကြက်သီးများပင် ထသွား၏။ တချိန်တည်းမှာပင် မကောင်းသောခံစားချက်တစ်ခုသည် နှလုံးသားထဲ ပျံ့နှံ့သွားလေတော့သည်။

ငါ့ရဲ့နောက်ဖေးခြံဝန်းက ထန်မင်းဆက်ဖြစ်နေတယ်Where stories live. Discover now