ရွှီဆွေက အနာကပ်ပလာစတာကို လှမ်းပေးလိုက်လျှင် ကျိုးကျင်းဇယ်က ယူပြီးအိတ်ကပ်ထဲထည့်ထားလိုက်သည်။
"ညစာစားပြီးပြီလား"
"မစားရသေးဘူး"
ရွှီဆွေ၏ဦးနှောက် တစ်ချက်ထဖောက်သွားပုံရကာ စကားတစ်ခွန်းကို အလိုလိုဖြေမိလိုက်သည်။
ကျိုးကျင်းဇယ် ခေါင်းတစ်ချက်ငြိမ့်ပြရင်း ခပ်သြသြအသံဖြင့်
"ဒါဆို ငါနဲ့အတူစားရအောင်"
"အာ..အင်း"
ရွှီဆွေက ပြန်တုံ့ပြန်လိုက်သလို စိတ်ထဲ၌လည်း ဟူချန်ရှီးအား တောင်းပန်ထားလိုက်တော့သည်။
ကျိုးကျင်းဇယ်က အိတ်ကပ်ထဲလက်ထည့်ပြီး အရှေ့မှလျှောက်ထွက်သွားနှင့်ရာ သူ့လက်သန်းတွင် ချိတ်ကိုင်ထားသည့် အဖြူရောင်ပလပ်စတစ်အိတ်ထဲမှ ဆေးဘူးအား ရွှီဆွေက မသိမသာဖြင့်လှမ်းမြင်လိုက်ရသည်။ ကျိုးကျင်းဇယ်က သုံးလေးလှမ်းမျှ လှမ်းပြီးသွားပါသည့်တိုင် အနောက်ဘက်မှလိုက်လာသည့်သူကို မတွေ့သောကြောင့် တဖန်ပြန်ရပ်သွားရင်း ပြန်လှည့်ကြည့်လာ၏။
ရွှီဆွေက ချက်ချင်းလိုက်သွားပြီး 'ဒဏ်ရာက ပြင်းသလား' ဟု မေးမြန်းချင်ပါသည့်တိုင် ယနေ့ည၏လေထုအခြေအနေက အတော်လေးမူမမှန်ဖြစ်နေပြီး သူမသည်လည်း မည်သည့်နေရာအနေအထားမျိုးက မေးမြန်းရမည်မှန်းမသိသောကြောင့် ရေငုံနှုတ်ပိတ်၍သာ နေလိုက်သည်။
နှစ်ယောက်သားက ဖက်ထုပ်ဆိုင်တစ်ဆိုင်သို့ ရောက်လာကြသည်။ ဆိုင်က ပိတ်ခါနီးဖြစ်ပြီး ပိုင်ရှင်အမျိုးသမီးကြီး ဟင်းရည်အိုးကြီးရှေ့၌ ရပ်ပြီး သန်းဝေနေကာ တစ်ညလုံးထိထားသည့် ရေနွေးငွေ့များကြောင့်လည်း မျက်လုံးများရဲနေ၏။
"ရှောင်ကျိုး ရောက်လာပါလား"
အမျိုးသမီးကြီးက ပြုံးပြုံးရွှင်ရွှင်နှုတ်ဆက်လာ၏။
"ဟုတ်ကဲ့..ဒီနေ့စီးပွားရေး ကောင်းတယ်မလား"
အမျိုးသမီးကြီးက မျက်လုံးကို လက်ဖြင့်တစ်ချက်ပွတ်လိုက်ရင်း
YOU ARE READING
ဖွင့်ဟဝန်ခံခြင်း [ ဘာသာပြန် ]
Romance--ကောင်းကင်ပြင်ကြီး ခြားနားထားမှန်း သိနေတာတောင် ချစ်ခြင်းမေတ္တာတွေကို နေ့တိုင်း စာအိတ်လေးထဲ ထည့်ထားတုန်းပါပဲ--