"Frank.... Frank...."
Frank ၏ ရင်ဘတ်သည် အသက်ပြင်းပြင်းရှူရသောကြောင့် နိမ့်ချည်မြင့်ချည်ဖြစ်နေ၏။ သူရှေ့က မြင်ကွင်းကို မမြင်ရဲတာကြောင့် သူဘာကိုမှ မမြင်ရခင် မျက်လုံးများကို ပြန်မှိတ်လိုက်၏။"Frank..."
မျက်လုံးများ မှိတ်ထားလျက်ပင် Doro ၏ အသံအား သူမှတ်မိပါ၏။"Doro... Doro..."
"အသက်ကို ဖြည်းဖြည်းရှူ...."Doro ၏ အသံကိုကြားသည်နှင့် Frank သည် ပတ်ဝန်းကျင်က စကားပြောသံများ ခြေသံများ မြင်းလှည်းသံများနှင့် အခြားအသံအားလုံးကို လျစ်လျူရှုပစ်လိုက်သည်။
သူ၏ အာရုံစူးစိုက်မှုသည် Doro ၏ အသံ၌သာ...."အသက်ကို ဖြည်းဖြည်းရှူ.... စိတ်မလောနဲ့..."
နူးညံ့သော လက်ဖဝါးလေးသည် Frank ၏ နှလုံးသားရှိရာ ဘယ်ဘက်ရင်အုံပေါ်သို့ ညင်သာစွာ ထိကပ်လာ၏။Frank သည် သူ့ရင်ဘတ်ပေါ်က လက်ကလေးကို ဆုပ်ကိုင်လိုက်၏။ သူ၏ ရင်ဘတ်ထဲက ဝေဒနာက Doro ၏ အထိအတွေ့ကြောင့် အနည်းငယ် သက်သာလာ၏။
"Doro...."Frank သည် သူ၏ မျက်လုံးများအား မဖွင့်ရဲခဲ့....
ဒါသာ အိပ်မက်တစ်ခုဆိုလျှင် Doro သည် သူ့ရှေ့မှ ထပ်ပြီး ပျောက်ကွယ်သွားလိမ့်မည်ပင်...
"Doro....""ခင်ဗျား အသက်ရှူလို့ရပြီလား..."
"ကျေးဇူးပြုပြီး မသွားပါနဲ့... ထွက်မသွားပါနဲ့..."
"Frank...."
"Doro မသွားပါနဲ့..."
"ခင်ဗျား မျက်လုံးတွေ ဖွင့်ပါဦး..."
"ဟင့်အင်း..."
"ဘာဖြစ်လို့လဲ?"
"ဒါက အိပ်မက်ဖြစ်နေရင် ဘယ်လိုလုပ်မလဲ? ငါ ထပ်ပြီး မျက်လုံးဖွင့်လိုက်တဲ့အချိန်မှာ မင်းပျောက်ကွယ်သွားရင် ဘယ်လိုလုပ်မလဲ Doro..."Doro ၏ ရယ်သံသဲ့သဲ့ကို သူကြားရ၏။
ဒီရယ်သံလေးကို မကြားရတာ ဘယ်လောက်တောင် ကြာနေပြီလဲ သူမသိခဲ့....
"Frank... ခင်ဗျား အခု လမ်းမပေါ်မှာထိုင်နေတာနော်...."
Doro က ဆူသလို ပြောတော့ Frank ရယ်မိသည်။ မျက်နှာလှလှကလေးမှာ စူပုတ်ပုတ်လေးများ ဖြစ်နေမလားဟု သူတွေးမိ၏။
နောက်ဆုံးတွင်တော့ သူပဲအရှုံးပေးကာ မျက်လုံးများကို ဖွင့်ကြည့်လိုက်ရ၏။🩰
Northern Moor တွင် လှပကြီးမားသော စံအိမ်ကြီးရှိပြီး ကျယ်ပြန့်လှသော မြေယာများလည်း ရှိ၏။