02.

198 41 4
                                    

တစ်ခါဆုံရင် တိုက်ဆိုင်မှု ၊ နှစ်ခါဆုံရင် ရေစက် ၊ သုံးခါဆုံရင် ဖူးစာတဲ့ ။

ဒါပေမယ့် ကံကြမ္မာကပဲ ဂယူဘင်းကိုပြောင်ပြနေသလား အောက်မေ့ရအောင် ဂယူဘင်းဟာ ဟန်ယူဂျင်းဆိုတဲ့ကောင်လေးနဲ့ ပထမအကြိမ်တွေ့ဆုံပြီးကတည်းက ဒုတိယအကြိမ်ဆုံဖူးတာမျိုးမရှိခဲ့ဘူး ။ အဲ့ဒီတော့ ဂယူဘင်းကိုယ်တိုင်ကပဲ ကြမ္မာမဖန်ပေးတဲ့ရေစက်တွေကို ကိုယ်တိုင်သွန်းလောင်းပြီး ဖန်ရတယ် ။ ဘယ်လိုကြံဖန်ရသလဲဆို ဂယူဘင်းကိုယ်တိုင် ဟန်ယူဂျင်းရဲ့ပုံရိပ်လေးကို လိုက်ရှာရတာပဲ ။

ကျောင်းရောက်တာနဲ့ ဂယူဘင်းရဲ့ခြေလှမ်းတွေဟာ ကိုယ့်အတန်းကိုသွားရမဲ့အစား ပထမနှစ်စာသင်ဆောင်ရဲ့ ကော်ရစ်ဒါရှေ့ကို ယောင်လည်လည်နဲ့ ရောက်သွားတယ် ။ အခန်းပေါက်ဝတွေရှေ့နဲ့ ကော်ရစ်ဒါနားမှာ ရပ်နေကြတဲ့ ကျောင်းသားတွေထဲမှာတော့ ယူဂျင်းရှိမနေခဲ့ ။ အဲ့ဒါနဲ့ အတန်းတွေထဲ မသိမသာချောင်းကြည့်မယ်လုပ်တော့ ယူဂျင်းက ဘယ်အခန်းထဲကလဲဆိုတမသိတာမို့ အခန်းတိုင်းကို ပြတင်းပေါက်တွေကနေတစ်ဆင့် တိတ်တိတ်ကလေးလိုက်ကြည့်မိတယ် ။ ဒါပေမယ့်လည်း အခန်းတွေထဲမှာလည်း ယူဂျင်းရဲ့အရိပ်အယောင်ကိုမတွေ့ရ ။

ကျောင်းကိုများမရောက်သေးတာလားလို့ တွေးမိရင်း ကော်ရစ်ဒါတစ်လျှောက်မှာ ရစ်သီရစ်သီလုပ်နေတဲ့သူ့ပုံစံကို တခြားဂျူနီယာလေးတွေက သတိထားမိသွားတယ်ထင် ။ သူ့ဘေးကနေဖြတ်သွားကြရင်း သူ့ဆီမသိမသာလှမ်းရှိုးသွားတဲ့ အကြည့်တွေကိုခံစားမိပေမယ့် ဂယူဘင်း ဘာသိဘာသာပဲနေနေလိုက်ရတယ် ။

လက်မှာပတ်ထားတဲ့ နာရီကိုငုံ့ကြည့်မိတော့ ကျောင်းတက်မဲ့အချိန်နီးလာပြီမို့ ယူဂျင်းကိုမတွေ့လိုက်ရဘဲ သွားရတော့မှာလားလို့ တွေးမိပြီး ဂယူဘင်းနှုတ်ခမ်းစူလာတယ် ။ မျက်နှာလေးမြင်ချင်လှလို့ တကူးတကလာရှာတာတောင် မတွေ့လိုက်ရဘူးဆို သိပ်ကိုနှမြောစရာကောင်းမှာ ။ ကံကြမ္မာက တကယ်ကြီး ဂယူဘင်းအပေါ်ရက်စက်နေပြီလား ။ မတော်တဆမဆုံလို့ တမင်တကာလိုက်ရှာတာတောင် မတွေ့နိုင်ဘူးဆိုရင်တော့ ဂယူဘင်းဘယ်လိုလုပ်ရတော့မှာလဲ ။

My crush is my top fan !Where stories live. Discover now