မှန်ကိုကြည့်ကာ ယူနီဖောင်းကိုဝတ်၍ ဆံပင်ကို အထူးတလဲ မပြင်တော့ဘဲ ကြည့်ကောင်းသလောက်သာ ပြင်လိုက်သည်။
ငွေရောင်ကိုင်းနှင့် မျက်မှန်အပါးလေးအား တပ်၍
အောက်ထပ် မီးဖိုချောင်တွင် သူ့အတွက် နံနက်စာပြင်ဆင်ပေးနေသော မေမေ့ကိုအနောက်မှ ဖက်လိုက်သည်။"မနက်စာစားတော့မလား ယူဂျင်းနီး"
"ဟုတ်"
သူထမင်းစား စားပွဲခုံ၌ နေရာယူကာ မေမေချပေးသော ပေါင်မုန့်စတော်ဘယ်ရီယိုသုတ်ကို စားလိုက်သည်။
သူက အများအားဖြင့် နံနက်စာကို ပေါင်မုန့်ယိုသုတ်နဲ့ နို့တစ်ခွက်ပဲ သောက်လေ့ရှိသည်။
မယ်မယ်ရရ မစားတတ်တဲ့သူ့အတွက် လွယ်အိတ်ထဲတွင် ပေါင်မုန့်တစ်လုံးနဲ့ အသင့်သောက်နို့တစ်ဘူးအား အရင်ကျောင်းကတည်းက ဆောင်ထားတတ်သည်။အားလုံးစားပြီးသွားတဲ့အချိန် သူမေမေ့ကိုနှုတ်ဆက်ကာ ကျောင်းသို့ လမ်းလျှောက်သွားခဲ့လိုက်သည်။
ကျောင်းနဲ့သူ့အိမ်ဘယ်လောက်မှမဝေးတာကြောင့် အိမ်ကကားနဲ့သွားစရာမလို။
သူ့ဖေဖေက ကျော်ကြားသော ကားရောင်းဝယ်ရေးလုပ်ငန်းပိုင်ရှင်တစ်ဉီးဖြစ်သည်။
သူ့မိဘနှစ်ပါးစလုံးဟာ သူ့အားအလွန်ချစ်ကြသည်။လိုလေသေးမရှိအောင်ထား၍ သူမျက်နှာလေးမဲ့ပြလိုက်တာနဲ့ ဖြစ်အောင်လုပ်ပေးတတ်ကြသည်။ကျောင်းဝန်းရှေ့၌ ကျောင်းလာကြသောယူနီဖောင်းနှင့် ကျောင်းသား၊ကျောင်းသူများ အများအပြားရှိသည်။
ကျောင်းဂိတ်ပေါက်ဝတွင် လွယ်အိတ်အား လက်နှစ်ဖက်ဖြင့်ကိုင်ကာ ဟိုကြည့်ဒီကြည့်လုပ်နေတဲ့ အိုလီ။
သူအိုလီနားသို့လျှောက်သွားလိုက်သည်။"လာပြီလား ငါမင်းကိုစောင့်နေတာ"
"အိမ်မှာတစ်ခါထဲ မနက်စာစားနေလို့ နောက်ကျနေတာ"
"အေးပါ နောက်တော့မကျပါဘူး စောကြီးရှိသေးတယ်"
သူတို့နှစ်ယောက် ဘေးချင်းကပ်လျက် ကျောင်းဝန်းထဲသို့ လျှောက်သွားခဲ့သည်။
အိုလီနဲ့သူနဲ့ တစ်ခန်းထဲကျတာမလို့ သူစိတ်အေးရသည်။ဘာပဲဖြစ်ဖြစ် သူငယ်ချင်းရှိတော့ပိုအဆင်ပြေတာပေါ့။