Part (38)

1 0 0
                                    

တစ်နေကုန် သခင့်အနားကပ်ပြီး ဆဲသံဆူသံတွေနဲ့ ချိုမြိန်သာယာနေခဲ့ရာက ညနေမစောင်းခင်တော့ အလုပ်ထဲရောက်လာခဲ့ရတဲ့ကမ္ဘာ မသာယာနိုင်တော့ပါ။ အလုပ်တွေများရတဲ့အထဲ ညမှောင်လာလေ လူပိုကျလေနဲ့ အကုန်လုံးလည်း လက်မလည်အောင်အလုပ်ရှုပ်နေချိန်။

နိုင်ငံခြားသားနှစ်ယောက်လာထိုင်တဲ့ ဆိုင်အပြင်နားကဝိုင်းမှာ စားပွဲထိုးလေးတစ်ယောက်နဲ့ ပြဿနာတက်နေကြတယ်။ ကောင်လေးက သူပြောတတ်သလောက် အဆင်ပြေအောင်ပြောနေပေမဲ့ မူးနေတဲ့တစ်ယောက်က ရစ်နေတာမှ ဘေးကသူ့အဖော်ကပါ တားလို့မနိုင်တော့တဲ့အထိ။
နောက်ဆုံး မနေနိုင်တဲ့ကမ္ဘာ ဝင်ပါမိတယ်။ သူတို့နဲ့ အပြန်အလှန်ပြောဖို့ဆို ကမ္ဘာကအသင့်တော်ဆုံးဖြစ်ပါလိမ့်မယ်။ ကမ္ဘာ့လေယူလေသိမ်းနဲ့ အနေအထားကြောင့် တစ်ဖက်ကခဏတော့ငြိမ်သွားပေမဲ့ မန်နေဂျာကိုခေါ်ခိုင်းနေတော့ မန်နေဂျာအစ်ကိုကိုယ်တိုင်က ဒီလူတွေရစ်နေတာသိသိကြီးမို့ ကမ္ဘာနဲ့အတူ ရေလိုက်ငါးလိုက်။ ဆဲဆိုထွက်သွားတဲ့လူကို သူ့အဖော်ကထိန်းရင်းနဲ့ ပြန်သွားကြပြီမို့ အားလုံးလည်း အရင်အတိုင်းအလုပ်ပြန်လုပ်နေကြပါပြီ။

အလုပ်သိမ်းချိန် ဆိုင်စောင့်အိပ်ရမယ့်ကောင်လေးကို တံခါးတွေကူပိတ်ပေးနေတဲ့ကမ္ဘာ ဆိုင်အပြင်မှာရှိနေတုန်း ခုနကလူ ပြန်ရောက်လာပြီး လက်ပါလာတာကြောင့် ဆွဲလားရမ်းလားတွေဖြစ်ကြပြန်တယ်။ ခုနက customer မို့ စိတ်ရှည်ရှည်ထားပြီးရှင်းပြခဲ့ပေမဲ့ အခုတော့ သည်းမခံနိုင်တော့တာကြောင့် ဘေးကကောင်လေးကို ဝင်မပါဖို့ပြောပြီး ကမ္ဘာနဲ့အဲဒီ့လူ အပြန်အလှန်ထိုးကြကြိတ်ကြရင်း နောက်ဆုံး ရဲစခန်းရောက်သွားခဲ့ပြီ။ တစ်ဖက်က သူ့အဖော်နဲ့အတူ သူတို့ရဲ့အိမ်ရှင်ဆိုတာရယ်၊ ရှေ့နေဆိုသူရယ်လိုက်လာပြီး ပြန်ခေါ်သွားကြပြီ။

ဆိုင်ပိတ်ချိန်မှာ ညအိပ်စောင့်တဲ့ကောင်လေးရယ်၊ kitchen က အစ်ကိုရယ်၊ desserts တာဝန်ခံ ထက်မြက်ဆိုတဲ့တစ်ယောက်ရယ်၊ ကမ္ဘာရယ် လေးယောက်ရှိနေပြီး နေမကောင်းတဲ့ကြားက ရှိနေပေးတဲ့ထက်မြက်နဲ့ လုပ်လက်စအလုပ်တွေတစ်ဖက်နဲ့ အစ်ကိုက ချက်ချင်းလိုက်လာပေးမယ်ပြောပြီး ရောက်မလာနိုင်သေး။

Branded by YouWhere stories live. Discover now