Chapter 81
November 03, 2023
Chapter 81နောက်တစ်နေ့မနက်တွင် လင်းလော့ချင်းသည် ထုံးစံအတိုင်း လင်းဖေးနှင့် ကျိလဲ့ယွီတို့အား ကျောင်းပို့ပေးနေဆဲပင်။
"မနက်ဖြန်ကစပြီးတော့ သားတို့နှစ်ယောက်ကို ကျောင်းပို့ပေးနိုင်တော့မှာ မဟုတ်ဘူး" သူက ကားထဲထိုင်နေပြီး ကလေးနှစ်ယောက်အား လက်ကိုင်ထားရင်းဖြင့် ပြောလိုက်သည်။
ကျိလဲ့ယွီက နားမလည်လိုက်ပေ "ဘာလို့လဲ..."
"ဘာလို့လဲဆိုတော့ ပါးပါးက အလုပ်သွားလုပ်ရတော့မှာလေ" လင်းလော့ချင်း သူ့အားရှင်းပြလိုက်သည်။
ကျိလဲ့ယွီကား သဘောမပေါက်သေးပေ။ "သားကို ကျောင်းပို့ပြီးမှ အလုပ်သွားလို့ မရဘူးလားဟင်..."
"မရဘူးပေါ့။ ပါးပါးအလုပ် တအားနောက်ကျသွားမှာလေ"
သူပြောတာကိုကြားလျှင် ကျိလဲ့ယွီက ခေါင်းညိတ်လိုက်၏။ လူကြီးတွေအတွက် တကယ့်ကို အလုပ်က ပိုအရေးကြီးတာပဲလေ။
"ဒါဆိုလည်း ပါးပါးက အလုပ်သွားလုပ်လိုက်ပါ။ သားက ကျောင်းကို ကိုယ့်ဘာသာသွားလိုက်မယ်"
"လိမ္မာလိုက်တာနော်" လင်းလော့ချင်း သူ့ခေါင်းလေးကို ပွတ်လိုက်၏။
သူသည် အလုပ်သွားရတော့မှာဖြစ်ပြီး လင်းဖေးနှင့် ကျိလဲ့ယွီတို့ ကျောင်းက လမ်းမတူကြပေ။ သဘာ၀ကျစွာပင် သူတို့သည် ကားတစ်စီးစီ စီး၍ ကျောင်းသို့သီးခြား သွားနိုင်ကြပေမည်။ ထိုသို့ဆိုလျှင် လင်းဖေးလည်း မနက်တိုင်း စောစောအိပ်ရာထရန် လိုအပ်တော့မည် မဟုတ်ပေ။
လင်းလော့ချင်း ဤအကြောင်းကို လင်းဖေးအားပြောပြလိုက်၏။ လင်းဖေးသည် မည်သည့်အတွေးမျှ မရှိပေ။ ဒီအတိုင်းလေးပင် ..
"ရှောင်ယွီ သဘောတူလားလို့ ရှုရှု မေးပြီးပြီလား"
"သူကျိန်းသေပေါက် သဘောတူမှာပေါ့" လင်းလော့ချင်း ပြောလိုက်သည်။ "ဒီမနက်ကပဲ သူကျောင်းကို ကိုယ့်ဘာသာသွားမယ်လို့ ပြောခဲ့တယ်လေ"
"သိပ်မသေချာလောက်ဘူး" လင်းဖေး ထိုသူအားကြည့်လိုက်၏။ အဆုံးသတ်ကျတော့လည်း ကျိလဲ့ယွီကား လူအရမ်းကပ်လေ၏။