👑11

176 45 4
                                    

ချန်းနိုင်ငံ၏ အရှင်နှင့်အတူ သားတော်လေးပါး မနက်စာပွဲတော်တည်ကြသည့်အချိန်ဖြစ်သည်။ ပွဲတော်တည်ရင်း နိုင်ငံအရေးကိစ္စများကိုလည်း တိုင်ပင်ဆွေးနွေးကာ နန်းတက်မင်းသားနေရာလွှဲယူဖို့ကိုလည်းအရှင်က တစ်ခါတည်းစီစဉ်ချင်တာဖြစ်သည်။ နန်းတက်မင်းသားနေရာကို အစားထိုးဝင်ရောက်ရန် လျာထားသည့် မင်းသား သုံးပါးတွင် နှစ်ပါးက လက်ဆက်ပွဲပြုလုပ်ပြီးသွားပြီဖြစ်သည်။ ထို့ကြောင့် မင်းသားဝမ်ယူနှင့် မင်းသားချန်းယောလ် နှစ်ဦးထဲက တစ်ဦးကို နန်းတက်ရန် လျာထားဖို့ လိုအပ်သည့် စမ်းသပ်မှုတွေပြုလုပ်ရဦးမည်ဖြစ်သည်။ မင်းသားနှစ်ပါး လက်ဆက်ထားသည့် ကြင်ယာတော်များက တိုင်းပြည်ရဲ့ရတနာဖြစ်ကြောင်း စစ်မှန်မှုရှိမရှိ သိရရန် လိုသေးသည်။ အရှင်က ထိုအရာများကို အချိန်မဆွဲဘဲ အလျင်အမြန်ဆောင်ရွက်လိုသည်။ မင်းသားဝမ်ယူကလည်း အရှင်နှင့်ထပ်တူကျသော စိတ်ဆန္ဒရှိနေသော်လည်း မင်းသား ချန်းယောလ်ကတော့ အေးဆေးတည်ငြိမ်လို့နေသည်။ မင်းသားဒယ်ဂျွန်ဆောင်းက အခြေအနေအရပ်ရပ်ကို အကဲခတ်နေဟန်ရှိသလို နားထောင်ပေးရုံမှလွဲလို့ ဘာစကားမှ ဝင်ပြောခြင်းမရှိ။

"ကိုယ်တော်ကတော့ ထီးနန်းကို အမြန်လွှဲပေးချင်နေပြီ
သားတော်တွေထဲက ဘယ်သူပဲ နန်းတက်တက် ချန်းနိုင်ငံတော်ကို ပိုပြီးစည်ပင်အောင် အုပ်ချုပ်နိုင်မယ်ဆိုတာ ငါကိုယ်တော် ယုံကြည်ပါတယ်"

"ခမည်းတော်စကားကို မှတ်သားထားပါ့မယ်"

ပွဲတော်တည်ပြီးသည့်အချိန်တွင် အရှင်က နန်းဆောင်သို့ အနားယူရန် ပြန်ကြွသွားပြီး မင်းသားလေးပါးကတော့ စကားစမြည်ပြောရင်းကျန်ရစ်ခဲ့သည်။ ခဏအကြာတွင်တော့ မင်းသားချန်းယောလ်က နန်းဆောင်သို့ပြန်ကြွရန် ထွက်ခွာသွားသည်။ မနက်စာပွဲတော်တည်ရန် စောစောထွက်လာခဲ့ချိန်က ကြင်ယာတော် မနိုးသေးသည့်အချိန်ဖြစ်သည်။ ပုံမှန်ဆို အအိပ်ဆတ်တတ်သည့်ပုံစံဖြစ်ပေမဲ့ ဒီမနက်တွင်တော့ ကြင်ယာတော်က သူတို့နန်းဆောင်အတွင်းရှိ ရွှေရောင်ဖဲမွေ့ယာထက်တွင် နှစ်ခြိုက်စွာအိပ်စက်နေခဲ့တာဖြစ်သည်။

THE EMPRESSWhere stories live. Discover now