👑 4

152 41 5
                                    

မင်းသားချန်းယောလ်အတွက် လန်နိုင်ငံတွင် နောက်ဆုံးအနားယူရမည့် ည ဖြစ်သောကြောင့် အစားအသောက်ဖြင့်ဧည့်ခံရင်း နိုင်ငံရဲ့ ရိုးရာအကနှင့်ပါဧည့်ခံသည်။ အထူးအစီအစဉ်အနေဖြင့် ပွဲတော်တည်နေချိန်တွင် ဗြက်စောင်းသံဖြင့် ဖျော်ဖြေသည်။ ဗြက်စောင်း သံကြောင့် မင်းသားပွဲတော်တည်နေရာကနေ လှမ်းကြည့်တော့ မိန်းမငယ်လေးတစ်ဦးက ဗြက်စောင်းကိုပိုင်နိုင်စွာ တီးခတ်နေတာတွေ့ရသည်။ ထို့နောက် မင်းသား၏ မျက်လုံးများက ခန်းမထဲလှည့်ပတ်ကာ တစ်စုံတစ်ယောက်ကို ရှာဖွေမိသည်။ ထိုလူကို တော်တော်လေး မျက်မုန်းကျိုးမိသော်လည်း ထိုလူ၏ ဗြက်စောင်းသံကတော့ ဒီအသက်အရွယ်ထိ သူနားထောင်ဖူးသမျှ သံစဉ်တွေထဲ အသာယာအချိုမြိန်ဆုံးဖြစ်သည်။ တစ်ကြိမ်တစ်ခါနှင့်ပင် နားထဲစွဲသွားမိပြီး ထပ်ခါထပ်ခါပြန်နားယောင်ရင်း ထိုညက သူကောင်းမွန်စွာ အိပ်စက်နိုင်ခဲ့သည်။ ထူးဆန်းစွာပင် ဒီတစ်ကြိမ်တော့ ထိုလူက မင်းသမီး ဆူမြောင်နားတွင်ရှိမနေခဲ့ပါ။

👑

"မနက်အရုဏ်မတက်ခင် ခရီးစလိမ့်မယ်
လမ်းခရီးမှာ အစစအရာရာသတိထားပါ သမီးတော်"

လန် မိဖုရားက မင်းသမီး ဆူမြောင်အတွက် ယူဆောင်သွားမည့် အထုပ်အပိုးများကို ပြင်ဆင်ပေးရင်း လမ်းခရီးနဲ့ပတ်သက်လို့ တဖွဖွ မှာလျက်ရှိသည်။ တကယ်တမ်းမှာ အဆောင်အယောင် များများစားစားယူမသွားလည်း အခက်အခဲတော့မရှိပါ။ မင်းသားရဲ့ကြင်ယာတော်လောင်းအနေနဲ့ ထိုအဆောင်အယောင်များကို လွယ်လင့်တကူ ရရှိနိုင်သည်။ သို့သော် မင်းသမီးမှာ သူကိုယ်တိုင်ပန်းထိုးထားသည့် ပုဝါ ခြုံထည်များနှင့် အလှအပ ပစ္စည်းများကို သယ်ဆောင်သွားလိုစိတ်ရှိနေ၍ မယ်တော်က အလိုလိုက်ကာ သိမ်းဆည်းပေးနေခြင်းဖြစ်သည်။

နိုင်ငံအတွက်ဆိုသည့် စကားတစ်ခွန်းနှင့် ခမည်းတော်စကားကို ခေါင်းငြိမ့်ခဲ့ရသည့် သမီးတော်အတွက် လန် မိဖုရားမှာ စိတ်မကောင်းဖြစ်ရုံကလွဲလို့မတတ်နိုင်။ သူတို့တိုင်းပြည်က အစစအရာရာ အဆင်ပြေပေမဲ့ အင်အားနည်းသေးသည်။ ချန်းနိုင်ငံကများ စစ်ချီလာရင် ညတွင်းချင်း လက်အောက်ခံအဖြစ် သိမ်းသွင်းခံရနိုင်မည့် အနေအထားသာရှိနေသေးသည်။ နောက်တက်လာမည့် အိမ်ရှေ့စံ သားတော်ကြီးအတွက်ရော မင်းသမီးငယ်တွက်ပါ ကောင်းစေဖို့ မင်းသားချန်းယောလ်၏ ကမ်းလှမ်းချက်ကို သူတို့ဝမ်းမြောက်စွာ လက်ခံခဲ့ရတော့သည်။

THE EMPRESSWhere stories live. Discover now