Zawgyi
နေရောင်ခပ်စူးစူးက ဖွင့်ဟထားဆဲပြတင်းပေါက်တွေကနေ အညိုရောင်အခန်းတစ်ခုအတွင်း ၀င်ရောက်လာသည်နှင့် အေးစက်စက်ကြမ်းပြင်ထက်က ခပ်သေးသေးကိုယ်လုံးလေးဟာ အနည်းငယ်လှုပ်ရွလာသည်။
မျက်လုံးတွေပွင့်လာတာနဲ့ အရှေ့တွင်မြင်လိုက်ရသော ဖုန်းတစ်လုံးကြောင့် ရင်ဘတ်ထဲကဆစ်ခနဲ။
"ပြန်ဆက်ထားမှာပါ"
လဲကျနေရာက ကုန်းရုန်းထကာ မျက်စိရှေ့က ဖုန်းအားကောက်ယူလိုက်သည်။ မဖြစ်နိုင်မှန်းသိနေတဲ့ မျှော်လင့်ချက်တစ်ခုကို ဖက်တွယ်ရင်းပေါ့။
အ၀င် call တင်မက Message တစ်စောင်တောင်မ၀င်ထားတဲ့ ဖုန်းမျက်နှာပြင်ကိုစိုက်ကြည့်ရင်း ၀မ်းနည်းမှုကရင်ထဲဆို့တက်လာတာကြောင့် အသက်ရှူတွေပင်ကျပ်လာသည်။ "ဘာလို့လဲ? ဘာလို့အဲ့လောက်ထိနေနိုင်ရတာလဲ" အော်ဟစ်ရင်း ငိုချလိုက်ချင်ပေမဲ့ ထူးဆန်းစွာပင် မျက်ရည်ကကျမလာခဲ့။
"တစ်ခါတည်းသေသွားရမှာ"
စိတ်ပျက်စွာတစ်ချက်ငြီးငြူရင်း လက်ထဲကဖုန်းကို ကုတင်ပေါ်ပစ်တင်လိုက်သည်။ ခြေလှမ်းတွေကတော့ မွန်းကျပ်လာတဲ့စိတ်နဲ့အတူ ရေချိုးခန်းဆီသို့ဦးတည်လျက်။
အဆုံးထိဖွင့်ချထားတဲ့ရေပန်းအောက်မှာ ထိုင်ချရင်း ဒူးခေါင်းတွေကိုလက်နှစ်ဖက်ဖြင့်ပိုက်ကာ ရှိုက်သံထွက်လာသည်အထိ ငိုနေမိသည်။ အေးစက်နေသည့်ရေစက်တွေကလည်း ဆွယ်တာအဖြူလေးပေါ် မရပ်မနားကိုကျဆင်းလျက်။
'Hyung ရေချိုးနေတာလား? မြန်မြန်ချိုးနော် ဖျားနေဦးမယ်'
ရေချိုးခန်းတံခါးကိုခေါက်ရင်း စိတ်ပူစွာပြောလာတဲ့အသံကြောင့် ပိုတိုး၍ပင်ငိုမိသည်။ ရေကျသံတွေကြောင့် ငိုသံတွေကို ကလေးကြားသွားမှာတော့မဟုတ်ပါ။