#8

664 57 2
                                    

{Zawgyi}

ဤသို့ဖြင့် ပူပြင်းသောနွေကာလများတွင် ကျွန်တော်တို့ ချစ်ပန်းဝေ၍ ချစ်ရည်လူးခဲ့ကြပါသည်။ ခါတိုင်းနွေဆိုလျှင် ပူသည်၊ အိုက်သည်၊ နေမရထိုင်မရနှင့် နွေမြန်မြန်ကုန်ချင်သည်။ ယခုတော့ နွေလည်းမကုန်ချင်၊ မိုးလည်းမရောက်ချင်၊ အချိန်ပင်မကုန်ချင်ပါ။ စက္ကန့်တံများကို ကိုင်ဆွဲ၍ ရပ်တန့်ထားလိုက်ချင်သည်။ စက္ကန့်တံများမှာ အချိန်၏သင်္ကေတမဟုတ်လော၊ အချိန်မှာလည်း သေမင်း၏သူငယ်ချင်းဖြစ်၍ ... သေမင်းမှာ အချစ်၏ရန်သူဖြစ်သည်၊ အကြီးမားဆုံးရန်သူဖြစ်သည် ... အချိန်ဆိုသောအရာသည် မသိမသာနှင့်ပင် သံယောဇဉ်ကြိုးတို့ကို ချည်နှောင်ပေးသည်၊ အထပ်ထပ်ချည်ပေးသည်၊ ပို၍ပို၍ခိုင်လာပြီး တည်မြဲလာသည်ဟုထင်လာသည့် တခဏတွင်ပင် သေမင်းဆိုသည့် အရက်စက်ဆုံးသော လက်နက်ဖြင့် ထိုကြိုးတို့ကိုဖြတ်တောက်ပစ်သည်။ သို့ဖြင့် သံယောဇဉ်ဆိုသောကြိုးတို့ဖြင့် ရစ်ပတ်နှောင်ချည်ထားသော နှလုံးသားတို့မှာ နီးစပ်ခဲ့ပြီးမှ ဒဏ်ရာဒဏ်ချက်တို့ဖြင့် ခွဲခွာရသည်၊ ခွဲခွာရမည်သာ ... ဘဝဆိုသည်မှာ ရှင်သန်ခြင်းဖြစ်၍ အချစ်ဆိုသည်မှာ ဘဝ၏တစ်စိတ်တစ်ပိုင်း ဘဝ၏အလှဖြစ်သည်။ သေဆုံးခြင်းဆိုသည်မှာတော့ ရှင်သန်ခြင်း၏ နောက်ဆက်တွဲဖြစ်၍ ဘဝ၏အဆုံးသတ်ဖြစ်သည်။ သို့ဆိုလျှင် အချစ်ဆိုသည်မှာ ဘဝရှိသော ရှင်သန်နေသော လူတိုင်းအတွက် သတ္တဝါတိုင်းအတွက် ရပိုင်ခွင့်တစ်ခုဖြစ်သည် ... ဆုလဒ်တစ်ခုဖြစ်သည် ... ဘဝဆိုသော ပန်းချီကားတစ်ချပ်၏ ဆေးရောင်စုံသော လှပသော အစိတ်အပိုင်းတစ်ခု၊ သက်တန့်တစ်ခုသာဖြစ်သည်။ .....ထိုအတွေးများဖြင့် ကျွန်တော်အိပ်ရာမှ နိုးထလာခဲ့သည်။

ကျွန်တော်တို့ချစ်ကျွမ်းဝင်နေကြသည်မှာ နှစ်ပတ်လောက်ရှိလေပြီ။ ယနေ့ သင်္ကြန် အကြိုနေ့ဖြစ်သည်၊ နှစ်သစ်ကိုကူးတော့မည် ... နှစ်ဟောင်းမှ အညစ်အကြေးများကို ဆေးကျောရန်အတွက် အချင်းချင်းရေပတ်ကြသည်။ ကလေးတွေရော လူကြီးတွေပါ ပျော်ကြသည့် မြန်မာ့ရိုးရာပွဲဖြစ်သည်။ကျွန်တော်နိုးတော့ ၇နာရီရှိနေပြီ၊ နေရောင်များက အခန်းတွင်းသို့ နွေးထွေးစွာဖြာကျနေကြသည်။ စံပယ်ပန်းရနံ့ သင်းသင်းလေးရနေသည်၊ ဒေါ်လေးဝေ မနက်စောစော က ဘုရားရှိခိုးပြီး ဘုရားပန်းကပ်ထားသည်ထင်သည်၊ ညက ကျွန်တော်နှင့် ကိုစိုင်း ဈေးကပန်းဆိုင်မှာ စံပယ်ပန်း တစ်ထောင်ဖိုးဝယ်လာပြီး သုံးယောက်သားစံပယ်ပန်း ထိုင်၍ သီခဲ့ကြသည်။ ထို့ကြောင့် သင်္ကြန် အကြိုနေ့၏ မနက်ခင်းမှာ နွေးထွေးပြီး မွှေးပျံ့နေသည်။

A Travel Love Story {Complete!!!}Where stories live. Discover now