<Unicode>
#မေတ္တာရေလှိုင်း_အမုန်းကျောက်ဆောင်
"မိအေး... ဟဲ့... မိအေး"
"ရှင်... လာပြီ ကြီးကြီး"
"လူအရင်လာ။ တကတည်း... အမြဲတမ်း ခေါ်လိုက်ပြီဆို အသံအရင်ကြားရတယ်"
ဒေါ်မိမိရဲ့ဆူငေါက်သံနဲ့အတူ အနားရောက်လာတဲ့ စမ်းရေအေးခမျာ ခေါင်းကို ဂွက်ခနဲ အခေါက်ခံလိုက်ရသည်။ နာတယ်လို့ မညည်းညူရဲပါ။ ဒီလောက်လေးလုပ်တာကို အကဲပိုတယ်ဆိုပြီး ဒီ့ထက်ပိုနာအောင် ခေါက်ခံရမှာကို အံတိုနေအောင် သိပြီးသူမို့ ခေါင်းလေးကို ပွတ်ရင်း ကြီးကြီးကို ပြုံးပြလိုက်သည်။
"ဟွန့်... မျက်ခွက်ကိုက ဆယ့်နှစ်ရာသီ ဖြီးနေတယ်။ ဘယ်နေ့ လင်ရမလဲ မသိဘူး"
"အာ... ကြီးကြီးကလည်း... သမီးက ခုမှ ကလေးပဲ ရှိသေးတာ"
"ဘာ ကလေးလဲ။ ၁၈ နှစ်ဆိုတာ ကလေးလား။ တော်။ စကားအပို မပြောနဲ့။ သွား၊ ခြံထဲက ပန်းပင်တွေကို ရေလောင်း။ တကယ်ပဲ၊ နေ့တိုင်းပြောရတယ်။ ပြောတာကို ဘယ်တော့များမှ နားဝင်မှာလဲ မသိဘူး။ နုံချာလိုက်တာကလည်း သူ့အဖေနဲ့ တစ်ထေရာတည်းပဲ"
ဗျစ်တောက်ဗျစ်တောက်ပြောနေတဲ့ ကြီးကြီးရဲ့စကားတွေက အေးရဲ့ဖေဖေကိုပါ ထိပါးလာတာမို့ သည်းခံစိတ်ကလေး လျော့သွားရသည်။
"ကြိီးကြီးကလည်း... သမီး နေ့တိုင်း ရေလောင်းပါတယ်။ မနက်ဖြန် စာမေးပွဲရှိလို့ စာတွေပြန်နွှေးနေရင်း မေ့သွားတာ"
"အောင်မယ်၊ ညည်းက ငါ့ကို ပြန်ပြောတယ်ပေါ့လေ။ ခုနက စားရတာကို မမှတ်သေးတာလား၊ ဟမ်... ထပ်အရိုက်ခံချင်နေတာလား"
အေး ဘာမှ ဆက်မပြောတော့ဘဲ အပင်တွေကိုသာ ရေလောင်းနေလိုက်သည်။ ရင်ထဲမှာတော့ တဆစ်ဆစ်နဲ့ နာကျင်နေရပါသည်။
စမ်းရေအေးဆိုတာ ကြီးကြီးအတွက် တူမဆိုလည်း ဟုတ်သည်။ မွေးစားသမီးဆိုလည်း ဟုတ်သည်။
ကြီးကြီးတို့က မျိုးနဲ့ရိုးနဲ့ ချမ်းသာတဲ့သူတွေ။ ကြီးကြီးရဲ့ညီမက အိမ်က ခြံစောင့်နဲ့ မေတ္တာမျှပြီး မိဘတွေ သဘောမတူတဲ့ကြားက ခြံစောင့်ညိုမောင်နဲ့ လိုက်ပြေးခဲ့သည်။ တစ်နှစ်လောက်ကြာတော့ အေးကို မွေးခဲ့သည်။ နှလုံးရောဂါသည် မေမေက အေးကိုမွေးပြီး မီးတွင်းထဲမှာပဲ ဆုံးပါးသွားခဲ့သည်။
YOU ARE READING
ဝတ္ထုတိုပေါင်းချုပ်/ဝတ္ထုတိုပေါင်းချုပ်
Randomသက်ကျော်၏ ဝတ္ထုတိုများ စုစည်းမှု #thetkyaw သက်ကျော်၏ ဝတ္ထုတိုများ စုစည်းမှု #thetkyaw