Can We Meet Again?

258 13 0
                                    

<Unicode>

*Can we meet again?*
Short story (Completed)

ပြက္ခဒိန်လေးက ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်ဖြစ်ကြောင်း ညွှန်ပြနေသည်။ အချိန်ကား ညနေ ၆ နာရီတိတိ။
၃ ယောက်တစ်ခန်း ငှားထားတဲ့ အဆောင်ခန်းလေးထဲမှာ နားမခံသာနိုင်တဲ့ ဂစ်တာသံနဲ့အတူ ကပေါက်ကယောက်ထွက်လာတဲ့ သီချင်းဆိုသံက ပါးစပ် ၂ ပေါက်စာမက ဆူညံနေသည်။
သူတို့ ၂ ယောက်နဲ့ တစ်ခန်းတည်း အတူနေတဲ့ ကျွန်တော့်အတွက်က ဒီလိုဆူညံသံတွေကို သည်းခံနိုင်ပေမယ့် ကျွန်တော်တို့အခန်းရဲ့ ကပ်လျက်အခန်းမှာနေတဲ့ အဆောင်ပိုင်ရှင်ကတော့ သည်းမခံနိုင်တော့စွာ အခန်းရှေ့သို့ လာပြောတော့သည်။
"ဖိုးသား..အောင်ဝင်း...မင်းတို့ အသံနည်းနည်းလောက် လျှော့ပေးပါလားကွာ"
"ဦးလေးကလည်း...ခဏနေဆို ကျွန်တော်တို့ အပြင်သွားတော့မှာပါ၊ ခဏပဲ ဆူမှာပါ...ဟဲဟဲ"
"မင်းတို့ကတော့ကွာ...အပြင်ဆိုတာ ဘယ်သွားကြမှာတုန်း၊ နောက်ကျမှာလား"
"ဒီနေ့က ဒီဇင်ဘာ ၃၁ လေ ဦးလေးရဲ့၊ ရှိုးပွဲသွားပြီး နယူးရီးယားလို့ အော်မလို့"
"အေး၊ အပြင်သွားတာလည်း သွား၊ ရန်တော့ ဖြစ်မလာနဲ့နော်၊ ဝင်းတံခါးသော့ပိုတစ်ချောင်း ယူသွားကြ"
"ဟုတ် ဦးလေး"
ကျွန်တော်တို့လိုလူငယ်တွေ အထူးသဖြင့် အောင်ဝင်းတို့လို လူငယ်ဆန်ဆန်နေတတ်တာကို နားလည်ပေးသည့် အဆောင်ပိုင်ရှင်ကြောင့် ဒီအဆောင်မှာနေရတာ အဆင်ပြေသည်ဟု ဆိုရမည်။
သူတို့က လူငယ်ဆန်ဆန်နေတယ်ဆိုတော့ ကျွန်တော်ကရော..? အင်း၊ ကျွန်တော်လည်း လူငယ်ဆန်ပါတယ်။ ဒါပေမယ့် သူတို့လောက်တော့ မဟုတ်ဘူးပေါ့။
သူတို့ ၂ ယောက်နဲ့ ကျွန်တော်က မေဂျာလည်း တူ၊ အသက်လည်း တူသည့် အတန်းဖော်သူငယ်ချင်းတွေဆိုလည်း မမှားပါ။ ဖိုးသားနဲ့ အောင်ဝင်းက မုံရွာဘက်မှ ကျောင်းလာတက်ကြသူတွေဖြစ်ပြီး အလည်အပတ်ဝါသနာပါတာလည်း တူသည်။
ကျွန်တော်ကတော့ အပြင်ထွက်လည်ရတာထက် တိတ်ဆိတ်တဲ့နေရာမှာ စာအုပ်ဖတ်နေရတာကို ပိုသဘောကျသည်။ သူတို့နဲ့အတူလိုက်ဖို့ ခေါ်ရင် ပါသွားတတ်ပေမယ့် ငြင်းတဲ့အခေါက်ရေကလည်း ၁၀ ခါမှာ ၅ ခါလောက် ရှိတတ်သည်။
"မင်းည...မင်းရော လိုက်မလား"
"မလိုက်တော့ပါဘူး"
ဖိုးသားက ဂစ်တာကြိုးကို ပြန်ညှိရင်း မေးလာတော့ ကျွန်တော် စာအုပ်မှ အကြည့်မခွာဘဲ ခေါင်းရမ်းပြကာ ငြင်းလိုက်သည်။
"တကယ်မလိုက်တော့ဘူးလား၊ မင်း သူနဲ့ ပြန်တွေ့ချင် တွေ့မှာပေါ့ကွ"
"မဖြစ်နိုင်တာ"
"ဒါကတော့ မပြောနိုင်ဘူးလေ၊ ဘာဖြစ်လို့လဲ၊ မင်း လက်လျှော့လိုက်တာလား"
"အဲ့လိုသဘောပါပဲ"
"ဘာပဲဖြစ်ဖြစ် လိုက်ခဲ့ကွာ၊ စာသင်နှစ်တစ်နှစ်လုံး မင်းကိုကြည့်ပြီး မွန်းကျပ်လွန်းလို့၊ အိမ်လည်း ပြန်ဖြစ်တာ မဟုတ်ဘဲနဲ့၊ ဒီနေ့တော့ ငါတို့နဲ့ လိုက်ပျော်ကွာ...နော်"
"လိုက်ခဲ့ပါကွာ၊ နည်းနည်းပဲဖြစ်ဖြစ် ဦးနှောက်ကို relax လုပ်ဦး"
၂ ယောက်လုံးက ဝိုင်းပြောလာတော့ ကျွန်တော့်ဘက်က ငြင်းဖို့ကြိုးစားမိပြန်သည်။
"ရှိုးပွဲလက်မှတ်က ကြိုဝယ်ရတာ မဟုတ်ဘူးလား၊ ငါ့ဖို့ ထပ်ဝယ်ရမှာကျ..."
"ဒီမှာလေ...မင်းအတွက်ရောဆိုပြီး ၃ စောင် ကြိုဖြတ်ထားတယ်"
အပိုင်တွက်ထားတဲ့သူတို့ကို ကျွန်တော် အပြစ်မဆိုမိ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က ကျွန်တော့်အတွက် စဥ်းစားပေးကြတာပဲမဟုတ်ပါလား။

ဝတ္ထုတိုပေါင်းချုပ်/ဝတ္ထုတိုပေါင်းချုပ်  Where stories live. Discover now