ကိုယ်ပိုင်နာမဝိသေသန/ကိုယ္ပိုင္နာမဝိေသသန

194 8 0
                                    

<Unicode>

*ကိုယ်ပိုင်နာမဝိသေသန*

(ဝတ္ထုရယ်လို့ မဟုတ်ပါ။ စာရေးသူ၏ အတွေးသက်သက်ဖြင့် ရေးသားထားသော စာတစ်ပုဒ်သာ ဖြစ်ပါသည်။)

"ကိုကုလား..."

"ကိုကုလား..."

"ကိုမြင့်တင်.."

"ဗျာ..."

"ကိုမြင့်တင်ကြီးကလည်းဗျာ... နာမည်ခေါ်မှပဲ ထူးတော့တယ်နော်"

"ကက်ဆက်သံနဲ့ဆိုတော့ မကြားလိုက်လို့ပါ"

"ဒီမှာဗျာ...ပေါင်းအိုးက မီးမလင်းတော့လို့"

"ဟုတ်လား၊ ထားခဲ့လေ၊ ဘယ်အချိန် လာယူချင်လဲ"

"ညနေလောက် ရမလား"

"ရပါတယ်၊ ၅ နာရီလောက်ကျ လာယူပေါ့"

"ဒါဆို ကျုပ် သွားပြီနော်"

"ဟုတ်ကဲ့"

°မြင့်တင်° လျှပ်စစ်ပစ္စည်း ပြုပြင်ရေး ဆိုသည့် ဗီနိုင်းလေးကို တံခါးရွက်မှာ ကပ်ကာ စီးပွားရှာရသည့် ကိုမြင့်တင်ဆိုတာ မွေးရာပါ အသားမည်းသူ ဖြစ်ပေသည်။ အရပ်ထဲမှ တော်တော်များများက သူ့ကို ကိုကုလားဟု ခေါ်ကြသည်။

ထိုသို့ခေါ်သည်ကို မကြိုက်ဘူးလို့လည်း ပွင့်ပွင့်လင်းလင်း မပြောနိုင်။ သူ့မှာ ဒီမိတ်လေးတွေနဲ့ပဲ စီးပွားရေးလုပ်နေရသည် မဟုတ်ပါလား။ တချို့ကလည်း ပြောကြသည်။ "ကျုပ်တို့က ခင်လို့ ခေါ်တာပါဗျာ၊ မခင်ရင် အဖက်လုပ်ပြီးတောင် စကားပြောချင်တာ မဟုတ်ဘူး"တဲ့။ ဒီတော့ သူတို့ရဲ့ ခင်မင်မှုကို လက်ခံသည့်အနေဖြင့် "ကိုကုလား" ဆိုသည့် နာမည်ကြီးကို အောင့်အည်းကာ သည်းခံခဲ့ရသည်။

အခုလည်း မကြားတာတော့ မဟုတ်။ ကြားပေမယ့် ထိုသို့ခေါ်တာကို ပြန်မထူးချင်၍ ကက်ဆက်သံကို အကြောင်းပြကာ မကြားချင်ယောင် ဆောင်နေလိုက်သည်လေ။

တကယ့်ကုလားအစစ်တွေထဲမှာ ဖြူတဲ့သူတွေလည်း ရှိပါလျက် အဖေဗမာ အမေဗမာမှ မွေးဖွားလာသည့် ဗမာလူမျိုးစစ်သည့် သူ့ကိုမှ အသားမည်းသည့် အကြောင်းရင်းတစ်ခုတည်းဖြင့် ကိုကုလားဟု ခေါ်ကြသည်ကို ဘယ်အချိန်ထိ သည်းခံနားထောင်နေရမှာလဲ။

ဝတ္ထုတိုပေါင်းချုပ်/ဝတ္ထုတိုပေါင်းချုပ်  Où les histoires vivent. Découvrez maintenant