အပိုင်း ၇

10.2K 1.8K 245
                                    

ကနူးလှေငယ်နှစ်စီးသည် ကန်ရေပြင်ပေါ် လျှပ်တိုက်ပြေးနေသလို ရွေ့လျားနေသည်။ ရေ၀ပ်ကျွန်းမျှောများကြားတွင် ပိုးမွှားကောင်ငယ်များ၏ အော်မြည်သံကို ကြားရသည်။ လူ့ခါးတစ်၀က်လောက်ရှိနိုင်သည့် မြက်ရိုင်းပင်များသည် ထူထပ်လှသည်။ နေပူရှိန်သည် မပြင်းတော့သော်လည်း အကြွင်းအကျန်ပူလောင်မှုက ကျန်ရှိနေဆဲပင်။

ဆောင်းကိုနှင့် ဒဲရစ်ခ်သည် လူနှစ်ယောက်ထိုင်လှော်၍ရသော ကနူးလှေငယ်နှင့်ဖြစ်ပြီး နှင်းဖြူရိပ်ကတော့ တစ်ဦးတည်းစီးရသည့် လှေမျိုးဖြစ်သည်။ မနက်ခင်းအချိန် စထွက်လာကြတုန်းက ဖြူ့ကို အနောက်ကမ်းမှသည် အရှေ့ကမ်းအထိ လှော်နိုင်ပါ့မည်လားဟု သံသယဖြစ်ခဲ့သည်။ တကယ်တမ်း အရှေ့ကမ်းရောက်ချိန်မှာတော့ လက်ပင် မမြှောက်ချင်တော့သည်မှာ ဆောင်းကို ဖြစ်နေသည်။

ယနေ့တစ်နေ့လုံး အရှေ့ကမ်းဘက်ခြမ်းရှိ ရေ၀ပ်ဒေသများမှ ရေပျော်ငှက်များကို လေ့လာခဲ့သည်။ စက်လှေနှင့်သွားခြင်းထက် အသံတိတ်ဆိတ်ကာ ငှက်များကို အနှောင့်အယှက်မပေးသော ကနူးလှေကို ရွေးချယ်ဖြစ်ခဲ့ကြသည်။ နယ်မြေကျွမ်းကျင်နေသောဖြူက ယနေ့တစ်ရက်သာ လမ်းပြအနေနှင့် လိုက်ခဲ့ခြင်းဖြစ်ပြီး နောက်နေ့များတွင် သူတို့နှစ်ယောက်သာ ထပ်လာရမည်။

သုတေသနလုပ်ငန်းများသည် အချိန်ပေးရသည်ထက် စိတ်ရှည်ရသည်။ မြေပုံပေါ် ၂ လက်မအရွယ်ကွက်ငယ်များချကာ သတ်မှတ်ရက်များတွင်လာသည်။ တိရစ္ဆာန်လေးများကို အနှောင့်အယှက် မဖြစ်စေဘဲ လေ့လာခြင်းမျိုးဖြစ်ပြီး အကွာအ‌ေ၀းကီလိုမီတာ မည်မျှအတွင်း၊ အချိန်ကာလ ဘယ်လောက်တွင် ကောင်ရေ မည်မျှ တွေ့ရှိရသည် အစရှိသဖြင့် မှတ်တမ်းပြုစုကာ အချက်အလက်များ ထည့်သွင်းကြရသည်။

သူတို့လေးတွေ၏ သဘာ၀၊ အစာရှာပုံ၊ အသိုက်ဖွဲ့စည်းမှု အားလုံးသည် အရေးကြီးသလို ရေမှော်နှင့် ရေညှိများကအစ ပိုးကောင်ငယ်များသည်လည်း ထူးခြားနေတတ်ပြန်သည်။ ပုစဥ်းကောင်ငယ်များမှစ၍ ပိုးစုန်းကြူးအပါအ၀င် တစ်တီတူးငှက်လေးများအထိ စိတ်၀င်စားစရာ ကောင်းလှသည်ကို နားလည်ဖြစ်ခဲ့သည်။

တောင်တောရယ်သာWhere stories live. Discover now