ကန်ရေပြင်ကို လှမ်းမြင်နေရသော ပြခန်း ခန်းမ၏ ၀ရန်တာနေရာလေးသည် ဆောင်းကိုအတွက် အေးချမ်းစွာ အလုပ်လုပ်နိုင်သော နေရာလေးတစ်ခု ဖြစ်လို့နေပြီ။ အလုပ်ကိစ္စများတိုင်ပင်ဆွေးနွေးလိုလျှင် ဒီနေရာလေးကိုသာ ရွေးချယ်ဖြစ်သည်။ ကွန်ပျူတာဘေးနားမှာ ပြန့်ကျဲနေသော ထိန်းသိမ်းရေးဆိုင်ရာ အဆိုပြုချက် စာရွက်စာတမ်းများကို ဂရုမစိုက်နိုင်သေးဘဲ အနားမှာရှိနေသော ဖြူ့ကိုသာ ပြန်ဖြေပေးနေရသည်။
"လုပ်ပါ ဖြူရာ၊ ငါ တကယ်လုပ်ပေးမယ်"
"ဒါဆို ငါ အစီအစဥ် ဆွဲလိုက်မယ်နော်"
၀မ်းသာနေသော နှင်းဖြူရိပ်သည် ပြုံးရွှင်နေသည်။ ကုတ်၀ဲဆံပင်လေးကို နောက်မှာသိမ်းထားသောကြောင့် တိုစိစိလေးဖြစ်နေသည်။ ဒါလေးကပင် တစ်မျိုးချစ်စရာ။
"အေးပါဟာ၊ ညပိုင်းတွေဆို ငါ အားနေတာပဲ"
"စာအုပ်တွေလိုလား"
"ရတယ်၊ မလိုဘူး၊ ငါ့ဘာသာစီစဥ်လိုက်မယ်"
"ဟာ ဒီဆရာက လခမပေးရတဲ့ အိတ်စိုက်ဆရာ၊ ကောင်းလိုက်တာ"
ချိုမြသော ရယ်မောသံသည် ဆည်းလည်းသံပမာ။ ဒေသခံလူငယ်များကို အင်္ဂလိပ်စာသင်ကြားပေးရန် အစီအစဥ်အတွက် ဖြူနှင့်တိုင်ပင်နေခြင်းဖြစ်သည်။ အင်းတော်ကြီးဒေသသည် ပြည်ပခရီးသွားများအတွက် အဓိကဆွဲဆောင်မှုရှိသောနေရာ ဖြစ်လာလိမ့်မည်။ ငှက်မျိုးစုံလေ့လာချင်သူများ၊ ထိခိုက်ယိုယွင်းမှုမရှိသော သဘာ၀ကိုချစ်မြတ်နိုးသူများ တစ်နှစ်ထက်တစ်နှစ် များပြားလာလိမ့်မည်။ ဧည့်လမ်းညွှန်ဆိုသည့်လုပ်ငန်းမှာ မရှိမဖြစ် လိုအပ်လာမည်ဖြစ်သလို အင်္ဂလိပ်စကားသည် လိုအပ်ချက်တစ်ခု ဖြစ်နိုင်သည်။
ညပိုင်းသင်တန်းများဖြစ်သောကြောင့် အလုပ်ချိန်အတွက် အခက်အခဲမရှိနိုင်။ ပြခန်းနေရာကို အသုံးပြုနိုင်သဖြင့် နေရာအတွက်လည်း အဆင်ပြေသည်။ ဒေသခံလူငယ်များသည် အင်အားအရှိဆုံး စွမ်းအားများဖြစ်သည်။ ကန်ရေပြင်အား ထိန်ထိန်လင်းစေမည့် နေရောင်ခြည်များ မဟုတ်ပါလား။
"နင့်အမေ ဘယ်တော့ရောက်မလဲ ဖြူ"
"နောက်တစ်ပတ်ထဲလောက်ဖြစ်မယ်"

YOU ARE READING
တောင်တောရယ်သာ
Romanceတောင်တောရယ်သာ... မာလာကငုံဖူး... တစ်ပင်ကိုနှစ်ပင်ယှက်တယ်... ကျေးငှက်ကမြူး...