အပိုင်း ၁၇

9.8K 1.8K 326
                                    

အောင်မင်္ဂလာအ‌ေ၀းပြေးကားဂိတ်၀င်းအတွင်းရှိ ရန်ကုန် မြစ်ကြီးနားထွက်ခွာမည့် ကားဂိတ်တွင် ခရီးသည်များ ထိုင်ခုံပြည့်ရောက်နေကြပြီ။ မြင့်မားဟီးထနေသော အ‌ေ၀းပြေးကားကြီးလည်း ရောက်နေပြီဖြစ်သည်။ ၀န်ထမ်းကောင်လေးများသည် ကားအောက်သို့ ကုန်ပစ္စည်းများ ထည့်နေသည်။ အချဥ်ထုပ်၊ သကြားလုံး‌ရောင်းသည့် မိန်းမပျိုတစ်ဦး တံခါးပေါက်နားမှာ ရပ်နေသည်။ အထဲရှိ ခရီးသွားများကို စျေး၀ယ်ဦးမလား မျှော်လင့်ချက် မျက်လုံးများနှင့် လှမ်းကြည့်သည်။

ဆောင်းကိုကိုနှင့် ဖြူတို့သည် ခရီးသည်ထိုင်ခုံများတွင် ထိုင်နေကြသည်။ အချိန်စောပြီး ထွက်လာခဲ့ကြသောကြောင့် အတော်ကြာ စောင့်နေရသည်။ ဘေးနားခုံတွင် ထိုင်နေသော မိုးညီညီက ဖုန်းနှင့် ဂိမ်းဆော့နေသည်။

"မင်း ပြန်တော့လေ ညီ"

"မေမေက ကားမထွက်မချင်း မပြန်ရဘူးတဲ့"

မကျေမနပ်ဖြေကာ ဂိမ်းဆက်ဆော့နေသည်။ ငြိမ်ငြိမ်မနေသော ဒူးနှစ်ဖက်က လှုပ်ခါနေဆဲ။ တကယ်တော့ မိမိကို ကားဂိတ်ထိလိုက်ပို့စရာမလိုသလို ကားထွက်သည်အထိ စောင့်ပေးစရာလည်းမလိုပါ။ အထုပ်များသည်ဟု အကြောင်းပြပြီး မိခင်ကတမင်ခိုင်းလိုက်ခြင်းဖြစ်သည်။ တားလို့မရ၍ မတားဖြစ်ခဲ့သော်လည်း ညီငယ့်ကို အားနာသလို ခံစားရသည်မှာ အမှန်။

"ပြန်ပါ၊ ငါ မေမေ့ကို ဖုန်းဆက်ပြောလိုက်မယ်"

"တက္ကစီခ ပေး"

"ဟင်.."

"အပြန်ကားခလေ"

"ငါ တက္ကစီခပေးလည်း မင်း လိုင်းကားနဲ့ပဲ ပြန်မှာပဲဟာ"

မိုးညီသည် မည်သည့်စကားမှ ဆက်မပြောဘဲ ဂိမ်းကိုသာ သည်းကြီးမည်းကြီး နှိပ်နေသည်။ အတန်ကြာမှ မျက်လုံးထောင့်ကပ်ကြည့်ကာ ဗလုံးဗထွေး စကားဆိုသည်။

"မေမေက မင်းကို တောင်းပန်တဲ့"

"ဘာကိုလဲ"

"မင်းကို ခြောက်နေတယ်လို့ ငါပြောတာ"

"ညီ.. ငါပြောတာကို နားထောင်"

မိုးညီလက်ထဲမှ ဖုန်းကို ဆတ်ခနဲဆွဲဖယ်ရင်း မျက်နှာချင်းဆိုင်ဖြစ်အောင် ကိုယ်ကို ဘေးစောင်းလှည့်သည်။

တောင်တောရယ်သာWhere stories live. Discover now