အခန်း ( ၂ )

229 16 6
                                    

~~~ သူ....... ( သို့ ) မွေ့ကေသာ၏ ဘဝထဲသို့ အမှတ်မထင် ဝင်ရောက်လာသော အမောင် စောသံမုံ ....... ~~~

မွေ့ကေသာ၏ တစ်နေ့တာ လုပ်ငန်းစဉ်မှာ ရိုးရှင်းသည်ပင်....။ လင်းကြက်မတွန်မီပင် ထ၍ ညကတည်းက ပြင်ဆင်ထားသော ပန်းခက်၊ ပန်းခိုင် တို့ကို သယ်က မော်ဓောစေတီ ရင်ပြင်ထက် ပန်း ရောင်းမည်။ ပန်းတွေ ကုန်သလောက်ရှိလျှင် အိမ်ပြန်လာမည်။ အိမ် အလုပ်၊ ခြံအလုပ်တွေ လုပ်ကိုင်မည်....။

နေအေးချိန်ရောက်လျှင် ကေသာသည် သစ်ပင်၊ ဝါးပင်၊ ပန်းခင်း တို့ကို အိမ်အနီးနားဝန်းကျင်မှ လာကူကြသော ကလေးငယ်တို့နှင့်အတူ ရေလောင်းပေမည်။ ပေါင်းမြက်၊ မလိုအပ်သော အပင် ရိုင်းတို့ကို ရှင်းလင်းကြမည်....။ ညှိုးရော်နေသော သစ်ရွက်၊ ပန်းပွင့်တို့ကို ခြွေသူ၊ သစ်ပင်အောက်က ရွက်ကြွေတို့ကို လှည်းကျင်း သန့်စင်သူတို့ဖြင့် ကေသာ့ ကမ္ဘာငယ်လေးသည် ကလေးငယ်တို့၏ စကားပြောသံ၊ အချင်းချင်း ကျီစယ်သံတို့ဖြင့် သာယာဆူညံမြဲ....။

ကေသာတို့အရပ်တွင် ကေသာတစ်ယောက်သာ ပန်းရောင်းခြင်းဖြင့် အသက်မွေးသည်။ အခြားသူတို့က မိရိုးဖလာ လယ်ယာလုပ်ငန်း၊ ပန်းပဲ၊ ပန်းထိမ်စသည့် {ပန်း ဆယ်မျိုးသော လက်မှုလုပ်ငန်း} လုပ်ကိုင်ကြသူတို့ပင်...။

လူကြီးမိဘတို့ လုပ်ငန်းခွင် ဝင်ချိန်တွင် ကလေးသူငယ်တို့က မွေ့ကေသာ ခြံထဲ လာ ပျော်နေကြသည်။ ကေသာ့အလုပ်တွေ လုပ်ကူရင်း၊ အရိပ်ရ သီးပင်စားပင်တို့မှ သစ်သီးမှည့်တို့ ခူးစားရင်း၊ တစ်ခါခါကျ ကေသာ လုပ်ကျွေးတတ်သော မုန့်အမျိုးမျိုးကို စားသောက်ကြရင်းဖြင့်....... မွေ့ကေသာ့ ခြံပျော်လေးတွေ ဖြစ်ကုန်ကြသည်......။

ထိုကလေးငယ်တို့မှာ နေ့လယ်အချိန်ရောက်လျှင် အိမ်မှ ထမင်းစားလာကြမည်....။ ပြီးတာနဲ့ ကေသာ့ သပြေညိုတွေ၊ ကံ့ကော်ကိုင်းတွေ ချိုးကူမည်....။ ပန်းခူး၊ ပန်းသီ လုပ်ငန်းတို့တွင် ကူညီပေးကြမည်။ ကေသာကလည်း လက်သုပ်၊ အဆာပြေ မုန့် အမျိးုစုံ လုပ်ကျွေးတတ်သည်...။

တစ်ခါခါကျ မိမိ နေထိုင်မကောင်းချိန်တွင် ကလေးငယ်တို့ မုန့်ဝယ်စားရအောင် အသပြာ အနည်းငယ်စီ ပေးတတ်ပြန်သည်....။

မွေ့ကေသာ / မွေ့ကေသာ [ Uni/Zawgyi]Where stories live. Discover now