အခန်း ( ၅ )

154 12 2
                                    

~~ စောသံမုံ ပြောပြတတ်သည့် ဟံသာဝတီနန်းတွင်းရေးရာ အရှုပ်အထွေးများ ~~

ဗညားနွဲ့ အရှင့်သား၏ တာဝန်ကို ထမ်ဆောင်နေရင်း မမျှော်လင့်ဘဲ ဒဏ်ရာ ရလာကာ မိန်းမပျိုလေး တစ်ဦး၏ နေအိမ်မှာ သောင်တင်နေရသဖြင့် စောသံမုံကာ အားတုံ့အားနာ ဖြစ်နေပေသည်။ ကျေးဇူးလည်း အထပ်ထပ် တင်ရသလို၊ မိမိမှာလည်း ဆွေမျိုးသားချင်း မရှိခဲ့သည့် တစ်ကောင်ကြွက် ဘဝမို့....  ယခု သူနှင့် ဘဝတူ "မွေ့ကေသာ" ဆိုသော အနှီ မိန်းမပျိုကို သနားကရုဏာ သက်မိနေပြန်သည်......။

နာဖျားနေသည့် သူ့ကို ပြုစုစောင့်ရှောက်ပေးရတာမို့ ပင်ပန်းတာကော၊ သမားတော်ပင့်၊  လူမမာစာ ချက်ပြုတ် ကျွေးမွေးနေရတာကြောင့် ငွေကြေးတွေ အကုန်အကျ များပေမည်။ သို့သော် မွေ့ကေသာကား တစ်ချက် မညည်း။ ငြူ စူစောင့်အောင့်ခြင်း၊ မကြည်ဖြူ ခြင်းတွေလည်း မပြပေ...။ ဒက္ခရောက်နေသူကို ကယ်ဆယ်ရတာ ကုသိုလ်ရသည်ဟုပင် တွေးဟန်တူသည်........။

စောသံမုံမှာ တဖြည်းဖြည်းနှင့် သက်သာလာပေပြီ။ ဒဏ်ရာတို့လည်း ကျက်စပြု ပြီ၊ လူလည်း အဖျားမဝင်တော့..။ ထို့ကြောင့် ကေသာ့ ခြံဝန်းလေးထဲမှာပင် ဟိုဟိုသည်သည် လမ်းလျှောက်ကြည့်သည်။ သစ်ပင် ခြေရင်းက ရွက်ကြွေတို့ကို လှည်းကျင်းကာ မီးရှို့မည်။

ထို့နောက် ပေါင်းမြက်တို့ကို ရှင်းကာ၊ ခပ်နဲ့နဲ့ ဖြစ်နေသော  ခြံစည်းရိုးတိုင်တို့ကို ပြင်ပေးသည်......။ ကေသာက "အေးဆေးလေး နေပါ၊ ဒဏ်ရာတွေ အရှင်း ပျောက်အောင် အငြိမ်နေပါအုံး" ပြောလည်း မရပေ။ ခြံအလုပ်တွေ တစ်ခု မဟုတ် တစ်ခု လုပ်ပေးနေသည်သာ....။

စောသံမုံ သက်သာလာသဖြင့် ကေသာလည်း ပန်းရောင်း ပြန်ထွက်ဖြစ်သည်။ မော်ဓော စေတီ ရင်ပြင်ထက်က ပန်းသည်မလေး မွေ့ကေသာကို မျှော်နေကြသူတွေလည်း မနည်းလှ။ ပတ်ဝန်းကျင်ကရော၊ ပန်းဝယ်နေကျ ဘုရားဖူးတွေ ကရော.. ကေသာ စေတီ ရင်ပြင်ပေါ် ပြန်ရောက်သည်နှင့် ဝိုင်းအုံကာ 'ပန်းရောင်းမထွက်ဖြစ်သည့် နေ့တွေအကြောင်း' မေးကြသဖြင့် ကေသာ့မှာ စောသံမုံ အကြောင်း ပြောပြရပြန်သည်ပင်.....။

မွေ့ကေသာကား မနက်ခင်းတွင် ပန်းရောင်းထွက်မည်။ နေ့လယ်ဖက်ဆိုလျှင် အိမ်ပြန်လာပြီး အခါတိုင်းလိုပင် နောက်ရက်အတွက် ရောင်းစရာ ပန်းတွေ ခူးတန် ခူး၊ သီတန် သီမည်။ အိမ်နီးနားဝန်းကျင်မှ ကလေးငယ်တွေနှင့် ပျော်မွေ့စရာ ကေသာ့ အိမ်ကလေးတွင် ထပ်တိုးလာသူကား စောသံမုံ ဆိုသည့် အနှီ ယောကျ်ားပျို ပင်...။

မွေ့ကေသာ / မွေ့ကေသာ [ Uni/Zawgyi]Where stories live. Discover now