အခန်း ( ၁၀ )

454 15 2
                                    


~~ ဟံသာဝတီ နန်းတွင်းရောက် မွေ့ကေသာ ~~


အဒေါကုန်း၏ သင်ပြပေးမှုကြောင့် ကေသာ နန်းတွင်းထဲဝင်နိုင်ဖို့အရေး ပြင်ဆင်ဖြစ်ခဲ့သည်။ အမောင် စောသံမုံကတော့ ဗညားနွဲ့အရှင့်သားရဲ့ သွေးသောက်ရဲမက် ကိစ္စတွေ လုပ်ကိုင်ရင်း၊ ကေသာ့ဆီ ခဏလာကြည့်ရင်းဖြင့် ကူးချည်သန်းချည် ပြုလုပ်နေလျက်.....။


ဗညားနွဲ့အရှင့်သားကို ငယ်စဥ်ကပင် ထိန်းကျောင်းပြုစုပေးခဲ့သည့် အဒေါကုန်းသည် နန်းတွင်းရေးရာ အမူအကျင့်တွေကို သင်ကြားပေးရာမှာ အထူး ကျွမ်းကျင်လှသည်။ ဆံထုံး ထုံးဖွဲ့အမှုအစ၊ ဝတ်စားဆင်ယင်မှု အလယ်၊ ပြောဆိုပြုမူပုံ အဆုံး..... ကေသာ့ကို စိတ်ရှည်လက်ရှည် သင်ပေးသည်သာ။


မိဘဆွေမျိုးဟူသည် မရှိတော့သော ကေသာ့အတွက်တော့ အဒေါကုန်းသည် မွေးစားအဖတစ်ယောက် ရသကဲ့သို့ပင်။ သူကလည်း ကေသာ့အပေါ် သမီးရင်းပမာ ချစ်ခင်လျက်၊ လိုအပ်သည်တို့ကို ဆုံးမသွန်သင်ပေးလျက်.....။ အမောင် စောသံမုံကတော့ ကေသာ့ဘဝမှာ အတွယ်တာရဆုံး ချစ်ဦးသူတစ်ယောက် ဖြစ်ခဲ့လေသည်။


" နန်းတွင်းသူ တစ်ယောက်ရဲ့ လေယူလေသိမ်းနဲ့တော့ တူလာပြီ။ အမူအရာလေးတွေ ဒီ့ထက်ပို သိမ်မွေ့သွားဖို့ပဲ လိုတော့တယ် သမီးကေသာ.... "

" ဟုတ်ကဲ့ပါ အ​ဒေါကုန်းး။ ကေသာ သေချာ ကြိုးစားပါ့မယ် "



ကေသာကား စိတ်မြန်လက်မြန်သမားမို့ စိတ်ဆတ်လေသည်။ ပြီးတော့ မိဘမဲ တစ်ကောင်ကြွက် အဖြစ်နဲ့ ကြီးပြင်းခဲ့ရသူမို့ ကိုယ့်အားကိုယ်ကိုးပြီး နေခဲ့ရသည့် အချိန်တွေက များလှသည်။ ဟံသာဝတီနန်းတွင်းသူတို့ကဲ့သို့ အိန္ဒြေတစ်ခွဲသားဖြင့် အိစိစိ မလုပ်တတ်။ ​အဒေါကုန်းခမျာ ကေသာ့အား နန်းတွင်းမိန်းမသူတွေနဲ့ တူအောင် မနည်း ပုံသွင်းပေးနေရသည်။ ​


အချိန်တစ်လခန့် အကြာမှာတော့ မွေ့ကေသာတစ်ယောက် နန်းတွင်းအပျိုတော်တစ်ယောက်ပမာ ဖြစ်နေလေပြီ။ အရင်လို တစ်ပတ်လျှိုဆံထုံး မဟုတ်တော့ဘဲ၊ တိမ်တောင်တက်၊ မြိတ်စို့၊ စုလည်း .... စသည့် ပွဲတက်ဆံထုံးတို့အား ထုံးဖွဲ့တတ်နေပြီ။ ပါးပြင်ပေါ်မှာလည်း အရင်လို သနပ်ခါးပါးကွက်ကျား အစား၊ သဘာဝ သစ်သီးသစ်ဖုတို့ဖြင့် ပြုလုပ်ထားသော မျက်နှာချေမှုန့်၊ ပါးနီ တို့ကို သုံးတတ်နေပြီ။


မွေ့ကေသာ / မွေ့ကေသာ [ Uni/Zawgyi]Dove le storie prendono vita. Scoprilo ora