Chapter (10.1)

5.4K 506 18
                                    

Chapter (10.1) မလွတ်မြောက်နိုင်ခြင်း

အသစ်စက်စက် အိမ်ထောင်ရှင်ကြီး ဖြစ်သည့် ဟယ့်ရိချန်းမှာ လက်မထပ်ခင်ကထက်ပင် ပိုအလုပ်များနေရ၏။ လက်တလော သူ ကိုင်ထားသည့် အမှုများ မပြီးသေးသော်လည်း နောက်ထပ် ပိုခက်ခဲသည့် အမှုတစ်ခုပိုပင် မျက်နှာနာစွာ လက်ခံထားရသေးသည်။ တပြိုင်နက်တည်း အမှုများစွာ ကိုင်ထားရခြင်းကြောင့်၊ နေ့တိုင်းလိုလို ညဉ့်နက်သည်အထိ အလုပ်လုပ်နေရ၏။ မော့ရှန်း အိပ်မောကျနေသည့် အချိန်များမှာတောင် ရိချန်းရဲ့ အလုပ်ခန်းက မီးလင်းနေဆဲ။

သို့တိုင်အောင် မော့ရှန်း စိတ်ထဲ ပျော်နေမိမြဲ ဖြစ်သည်။ ရိချန်းက သူ့အလုပ်နှင့်သူ ရှုပ်နေချိန်၊ သူမကတော့ အိမ်သန့်ရှင်းရေး လုပ်ခြင်း၊ ပစ္စည်းများ စုစည်းခြင်း စသည် လုပ်စရာ တစ်ခုခု ရှာလုပ်နေတတ်သည်။ စာကြည့်ခန်းဘက်ကိုလည်း မကြာခဏ လှမ်းကြည့်မိတိုင်း ရိချန်းတစ်ယောက် စာရွက်တွေကြားမှာ နစ်နေသည်ကိုသာ မြင်ရတတ်သည်။

အတူတူနေရတော့မှသာ ရိချန်းရဲ့ ဝီရိယကို မော့ရှန်း ကောင်းကောင်း နားလည်လာရ၏။ လူတွေကတော့ သူ့ကို ငယ်ရွယ်ပြီး အောင်မြင်နေသော သူ တစ်ယောက် ဟူ၍ မြင်ပြီး အားကျကောင်း ကျမည်။ သို့သော် သူ့ရဲ့ စိတ်ရော ကိုယ်ပါ ဒီထဲ နှစ်ထားရမှုကို ဘယ်သူမှ သိမည် မဟုတ်။ နောက်ခံ အဆက်အသွယ်များ မရှိသည့် လူတစ်ယောက်အတွက် လက်ရှိကဲ့သို့ အောင်မြင်မှုမျိုး ရယူနိုင်ရန်မှာ အလွန်ပင် ခက်ခဲသည့်အရာ။ သူ့ရဲ့ အခက်ခဲဆုံး အချိန်များမှာလည်း မိမိက သူ့အနား မရှိပေးနိုင်ခဲ့...

ရိချန်း စာကြည့်ခန်းထဲမှ ကုန်နေသော ရေခွက်တစ်ခွက်ဖြင့် အပြင်သို့ ထွက်လာချိန်၊ မော့ရှန်းတစ်ယောက် ဒူးကိုပိုက်ကာ ဆိုဖာပေါ် ထိုင်နေသည်ကို မြင်ရ၏။ လက်ထဲတွင် ဟင်းချက်နည်းစာအုပ် တစ်အုပ် ကိုင်ထားကာ၊ အတွေးထဲ နစ်နေပုံရပြီး .. ဘာတွေများ စဉ်းစားနေသည်မသိ။

အချိန်က တနင်္ဂနွေနေ့ မွန်းလွဲပိုင်း တစ်နာရီ။ ရိချန်း တစ်မနက်လုံး စာကြည့်ခန်းထဲ အလုပ်တွေ များလွန်းနေသည်မို့ နေ့လည်စာကိုပင် အလောတကြီး စားပြီး အလုပ်ရှိရာသို့ ပြန်ဝင်ရသည်။

ကိုယ့်ရဲ့ နေရောင်ခြည်လေး (Complete)Where stories live. Discover now