Ep-36

6.6K 718 38
                                    

Unicode Version

တစ်လျှောက်လုံးလိုက်ဖက်ညီနေခဲ့ကြသော်လည်း ကျောင်းဖွင့်ပြီးနှစ်လကျော်အကြာတွင်တော့ ရှိုင်းထက်ယံနှင့် ဟန်မင်းစေရာအကြားမှာ ပထမဆုံးကတောက်ကဆဖြစ်မှုတစ်ခုသည် ရုတ်တရက်ဖြစ်ပွါးလာလေသည်။

ထိုနေ့က ချစ်သူများနေ့ဖြစ်ပြီး ကျောင်းတစ်ကျောင်းလုံးတွင် အတွဲများနှင့်အတူ ပန်းစည်းများ၊ လက်ဆောင်များနှင့်အရုပ်မျိုးစုံမှာ အရပ်လေးမျက်နှာအပြည့် ဟိုလူသည်လူထံမှ မျက်စိနောက်လောက်အောင်မြင်နေရလေသည်။

ထို့အတူ လတ်တလောရေပန်းစားနေသော ဟန်မင်းစေရာက အချို့မိန်းကလေးများ၏ မရဲတရဲပေးလာသော ချောကလက်ဘူးလေးများနှင့် လက်ဆောင်ဘူးများကို မမောပန်းတမ်းငြင်းနေရသည်မှာလည်း ဆက်တိုက်ပင်။ ငြင်းလိုက်ရုံဖြင့် ကိစ္စပြီးသွားမည်ဟုထင်နေလျှင် မှားသွားလေမည်။

အတန်းထဲရှိ ဟန်မင်းစေရာထိုင်သောခုံတွင် လာတင်သွားသည့်အပြင် အချို့ဆိုလျှင် အဆောင်မှူး၏ရုံးခန်းထဲတွင် ဟန်မင်းစေရာအတွက် ဘူးကြီးဘူးငယ်များကိုလာရောက်အပ်နှံသွားသေးသည်။

ထိုကိစ္စနှင့်ပတ်သက်၍ သူရနိုင်နှင့်အဂ္ဂကတော့ အကြီးအကျယ်စနောက်ကြသည်မှာ မပြီးနိုင်မစီးနိုင်။

အခြေအနေမှာ နေ့လည်ခင်းထမင်းစားချိန်အထိ အဆင်ပြေသေးသည်။ ညနေကျောင်းဆင်းချိန်ရောက်သော် ဟန်မင်းစေရာမှာ စာအုပ်များသိမ်းဆည်းနေရင်းဖြင့် အခြားကျောင်းသားများထက် နောက်ကျကျန်နေခဲ့ရာ ခဏအကြာတွင် သူ့ထံသို့မိန်းကလေးတစ်ယောက် ချဥ်းကပ်လာလေသည်။

ထိုမိန်းကလေးမှာ ချောကလက်ဘူးလေးကိုင်ထားရင်းမှ သူ့ကို ရှက်ပြုံးလေးပြုံးကာပြောလေသည်။

"ဟို..ဒါလေးလက်ခံပေးပါလားဟင်။ ဘာမှမလိုပါဘူး။ ဒီ..ဒီတိုင်းပေးချင်ရုံပါပဲ"

ဟန်မင်းစေရာမှာ ရုတ်တရက်မို့မငြင်းဆန်နိုင်ခင်မှာတင် ထိုမိန်းကလေးက သူ့လက်ထဲကို အတင်းထည့်ပေးလိုက်သဖြင့် လက်ထဲကို မရည်ရွယ်ပါဘဲ ရောက်လာသောချောကလက်ဘူးလေးကို အားနာနာနှင့်ပင် ပြန်ပေးရန်ပြင်လိုက်သည်။

I Found My Prince Charming [Season-1]Where stories live. Discover now