အပိုင်း ၁၁

9.8K 1.7K 452
                                    

ရန်ကုန်ရောက်လျှင် လာလည်မည်ဆိုသော နှင်းဖြူရိပ်သည် မိုးညီ၏နောက်နားတွင် အပြုံးနှင့် ရပ်နေသည်။ မည်းနက်ဖြောင့်စင်းကာ အိကျနေသော ကုတ်၀ဲဆံပင်လေးများကြားမှ မျက်လုံးလေးများသည် တောက်ပလင်းလက်လျက်။ ၀မ်းသာအားရ နေရာမှ ထကြိုသည်။

"ထမင်းစားအမီလာတာ"

"လာ ဖြူ၊ စားပါ၊ ညီ.."

အကြည့်နှင့်ပင် မိုးညီ နားလည်ကာ မီးဖိုခန်းထဲ ၀င်သွားသည်။

"နင့်ကို ဖုန်းခေါ်နေတာ၊ တစ်မနက်လုံးပဲ"

"ဆောရီးဖြူရာ၊ အိပ်ပျော်နေတာ၊ ဖုန်းကိုအသံတိတ်ထားပြီး မကြည့်ဖြစ်တော့ မသိလိုက်ဘူး"

"မလာစေချင်လို့ ရှောင်နေတာ မဟုတ်ဘူးပေါ့"

"ရှောင်နေရင်လည်း လာမှာပဲ မဟုတ်လား"

"ဟိ..ဟုတ်တယ်"

"မမဖြူ..အ၀စားနော်၊ အားမနာနဲ့"

မိုးညီသည် ထမင်းပန်းကန်နှင့်အတူ စားပွဲ၀ိုင်းနား ပြန်လာသည်။

"ဆောင်းရဲ့ ညီလေးလား"

"ဟုတ်တယ်၊ မိုးညီညီလေ"

"ဆောင်းက မင်းနဲ့ မင်းအမေအကြောင်းပဲ တစ်ချိန်လုံးပြောနေတာ"

ဖြူက ရင်းရင်းနှီးနှီးပြောရင်း စားပွဲမှာ၀င်ထိုင်သည်။ မိုးညီကမ်းပေးသော ထမင်းပန်းကန်ကို ကျေးဇူးတင်စကားပြောရင်း လှမ်းယူသည်။ ချက်ချင်းလိုလို ခင်မင်တတ်သည့် နှင်းဖြူရိပ်နှင့် မိန်းမလှလေးများဆိုလျှင် သဘောကောင်းချင်လွန်းသည့် မိုးညီညီတို့ စကားစ မပြတ်နိုင်တော့။

"အိမ်မှာ ကျွန်တော်ပဲ အကြီးလုပ်နေရတာ မမဖြူ"

"စတွေ့တုန်းက သူ့ကို ဆယ်တန်းကျောင်းသား ထင်နေတာ"

ဖြူ့စကားကြောင့် အင်းတော်ကြီးကို ပထမဆုံးအချိန်ရောက်ကာစနေ့ကို သတိရသွားကာ လွမ်းရသည်။

"အဲ့ဒီ့တုန်းက ဖြူက ငါ့ကို ဟိုပင်မှာ လာကြိုတာ ညီ"

"ကျွန်တော်လာရင်ရော လာကြိုမှာလား မမ"

"ဟယ်.. အစ်ကိုလိုပဲ၊ စကားမပြောတတ်ရှာဘူး"

ဖြူက နောက်တော့ ပြိုင်တူရယ်လိုက်ကြသည်။ သူငယ်ချင်းမလေးသည် ငါ ဗိုက်ဆာနေတာဟု ပြောပြီး ထမင်းဖြူပေါ် ချဥ်ပေါင်ဟင်းချို၊ ငါးပိရည်စမ်းပြီး တစ်ဇွန်းခပ်စားသည်။ မြိတ်ငါးပိကောင်များနှင့် ကျိုထားသည့် မေမေ့လက်ရာ ငါးပိရည်ကျိုသည် ဆွေမျိုးမေ့လောက်သည်။ ကြက်သွန်ဖြူဓါးပြားရိုက်၊ ငရုတ်သီးပါးပါးလှီးပြီး ဆီသတ်ထားသည်ကို ပုစွန်ခြောက်ကောင်ငယ်လေးများနှင့် ရောဖျော်ထားခြင်းပင်။ ဖြူသည် ချက်ချင်းလို မျက်လုံးလေးများ ၀ိုင်းသွားသည်။

တောင်တောရယ်သာWhere stories live. Discover now