အပိုင်း ၁၅

10.4K 1.9K 501
                                    

မနက်ခင်းချိန်တွင် မြူမှုန်ဆိုင်းကာ ချမ်းအေးသလို ထင်ရသော်လည်း နေမြင့်လာသည်နှင့်အမျှ အပူရှိန်သည် မြင့်သထက်မြင့်လာသည်။ တိမ်ဖြူများသည် ကောင်းကင်ပြာအနှံ့ ဖြန့်ကျဲခံထားရသော ဆေးစက်များလို ပြန့်ကျဲနေသည်။ လေအလျဥ်ဖြင့် ရွေ့လျားပျက်ပြားရသော တိမ်မျှင်စများသည်လည်း မရှားပါ။

မော်တော်စက်သံသည် တိတ်ဆိတ်နေသော ဒီရေတောကြီးကို လှုပ်နှိုးလိုက်သလိုပင်။ မြစ်ကမ်းဘေးတစ်ဖက်တစ်ချက်တွင် စက်လှေမှကန်ထွက်လာသော ရေလှိုင်းငယ်များ ပြေးကပ်သည်။ အမြစ်ပေါင်းများစွာ ဖြာခွဲလျက် ရွှံ့နှုန်းမြေတွင် အခြေခိုင်အောင် တည်ရှိနေသော ဒီရေတောသစ်ပင်ကြီးများက မမှုပါ။ ဒီ့ထက်မက ပိုမိုပြင်းထန်သော ရေတက်၊ ရေကျခြင်း၊ လှိုင်းကြီးခြင်းနှင့် ရေချိုရေငန်စပ်ကြားတွင် ရှင်သန်နိုင်အောင် သဘာ၀က ဖန်တီးပေးထားသည် မဟုတ်ပါလား။

ဆောင်းကိုကိုသည် လှေဦးတွင်ရပ်နေခြင်းဖြစ်သည်။ အိပ်ရေးမ၀ဟန် သန်း‌ေ၀နေသူက သူ့ဘေးနားမှာ။ သူတို့လိုက်ပါလာသော မော်တော်စက်လှေသည် ဘိုကလေးမှ လာခဲ့သောစက်လှေထက် ပိုငယ်သည်။ လှေ၀မ်းထဲတွင် အမိုးအကာရှိသော နားခိုရာနေရာရှိသော်လည်း သူတို့နှစ်ယောက်သည် စ,ထွက်လာချိန်ကတည်းက လှေဦးတွင်ရပ်နေခြင်း ဖြစ်သည်။

"ညက အိပ်လို့ရရဲ့လား ဒဲရစ်ခ်"

"ရတယ်၊ မင်းရော.."

"ခေါင်းချတာနဲ့ အိပ်ပျော်တာပဲဗျ"

"အလုပ်အဆင်ပြေရဲ့လား"

"ဟုတ်ကဲ့ အဆင်ပြေပါတယ်၊ ဘာဖြစ်လို့လဲ"

"မင်း မျက်နှာမကောင်းဘူး"

စကားသံတိတ်သွားသောကြောင့် စက်လှေသံသည် ပိုကျယ်လာသလို ထင်ရသည်။ အခုရက်ပိုင်းများအတွင်း မိုးညီ ကိစ္စကို ခေါင်းထဲက ထုတ်လို့မရ။ ဖုန်းဆက်ကြည့်ဖို့ အကြိမ်ကြိမ် ကြိုးစားသော်လည်း မအောင်မြင်။ တစ်ယောက်တည်း သက်ပြင်းချမိသည့်အချိန်တွေရှိသည်။ တစ်နေရာတည်း အတူရှိကြသော်လည်း သူတို့နှစ်ယောက် သိပ်မဆုံဖြစ်ကြသောကြောင့် သတိထားမိလိမ့်မည်ဟု မထင်ထားခဲ့။

တောင်တောရယ်သာWhere stories live. Discover now