Chapter 3

696 100 26
                                    

"ဦးလေး သူ့နောက်ကိုလိုက်ပေး။"

မိုးရွာထဲ ထီးမဆောင်းပါဘဲ ကျောင်းထဲမှပြေးထွက်သွားသည့်သူအား ကားထဲမှစောင့်ကြည့်နေရာမှ နောက်သို့လိုက်ရန် ကားမောင်းသူနေရာမှ ဦးလေးကိုလှမ်းပြောလိုက်သည်။

သူ၏ စကားကို ဦးလေးသည်လည်း အဓွန့်မတက်ပါဘဲ ချက်ချင်းပင် ကားစက်နှိုးလိုက်ကာ ဖြေးဖြေးချင်းမောင်းနှင်လေသည်။ သူ့အာရုံကတော့ မိုးရေကို လက်ဖြင့်သာကာ၍ ပြေးလွှားနေသူထံတွင်သာ။

ဆံစများပေါ် ခိုတွဲကျနေသော မိုးရေစက်ကလေးများမှာ အနုစိတ်အလှတရားဆန်သည်။ ကျောင်းပေါက်ဝတွင်ရပ်ကာ ဂရုစိုက်သွားရန် လှမ်းအော်သတိပေးနေသော သူငယ်ချင်းများကို ပြန်လှည့်ကြည့်၍ နောက်ပြောင်ပြချိန်တွင် မြင်လိုက်ရသော နီရဲရဲနှုတ်ခမ်းပါးတို့မှာ ဆွဲဆောင်မှုအားပြင်းထန်သည်။

သူပြေးနေပုံမှာထူးဆန်းသည်။ တက်ကြွလှုပ်ရှား၍ မြန်ဆန်နေသည်မျိုးမဟုတ်။ မိုးကိုလည်း သိပ်တော့ဂရုစိုက်ဟန်မပေါ်။ ခပ်​ဖြေးဖြေးသာပြေးနေပုံမှာ ကလေးတစ်ယောက် လမ်းစလျှောက်တတ်၍ အပြေးကျင့်နေသည့်ပုံနှင့်တူသည်။ အလှတရားနှင့် ချစ်စရာကောင်းမှုတို့ပေါင်းစပ်တော့ သူ့မြင်ကွင်းဟာ သိပ်ကို မွေ့ပျော်ဖွယ်ကောင်းနေတော့၏။

လမ်းအချိုးအကွေ့တစ်ခုသို့အရောက် ပြေးနေသည့်အရှိန်ကိုရပ်ပစ်လိုက်ပြီး ဒူးထောက်ထိုင်ချလိုက်သည်ကိုမြင်လိုက်ရသောကြောင့် သူကြောင်သွားမိသည်။ ကားမောင်းနေသည့် ဦးလေးမှာလည်း သူပင်ပြောနေစရာမလို။ မလှမ်းမကမ်းတွင်ကားကိုရပ်ချလိုက်သည်။

သူလိုက်ကြည့်နေသူ၏ အပြုအမူများကို အာရုံစိုက်၍ အကဲခတ်ကြည့်တော့ သူ့နှလုံးအိမ်ကိုနောက်ထပ်တစ်ကြိမ် ခပ်ပြင်းပြင်းလှုပ်ကိုင်သည့်ဖြစ်ရပ် ဖြစ်နေသည်။

လမ်းဘေးစက္ကူပုံးငယ်လေးထဲ မိုးခိုနေရှာသည့် ကြောင်ပေါက်စကလေးကို လှမ်းချီမယူ၍ သူ့ကျောင်းအင်္ကျီနှင့် မိုးကာပေးသည်။ သူ့လက်ထဲပါသွားသော ကြောင်ကလေးမှာလည်း ပြန်ရန်မမူ။ နည်းနည်းလေးတောင်ရုန်းကန်ခြင်းမရှိ။

Clarity || Minsung FF||Where stories live. Discover now