အိမ်ကြီးသခင်(၁၈)

190 20 0
                                    

ဆည်းဆာချိန်မို့ ကောင်းကင်ယံတခုလုံး လိမ္မော်နီရောင် တိမ်လှိုင်းများက တလိပ်လိပ်ထနေသည်။ တပိုင်းတစ ငုပ်လျိုးနေပြီဖြစ်သော နေလုံးကြီးသည် သူမကို လှောင်ပြောင်နေသယောင် စူးရဲနေသည်။  သူမတယောက်တည်း  ဘယ်လောက်ကြာကြာထိုင်နေမိသည်မသိ။  ရေစပ်စပ်ဖြင့်ထိနေသော ခြေဖဝါးများပင် ထုံကျင်နေပြီ။ သူမ ဘာလုပ်ရမလဲ။ ဘာလုပ်သင့်သလဲ။ ဘာလို့များ ဒီလူက သူမကို မြပြာကျွန်းကိုရောက်အောင်ခေါ်ခဲ့တာလဲ။ ဘာတွေကြံစည်နေတာလဲ။ သိချင်ပေမယ့် သူမနောက်ထပ် သူနဲ့ မျက်နှာချင်းမဆိုင်ချင်တော့။

“ဆူးရစ်သွယ်”

ဟင်…ဒီအသံ …ဒီအသံကြားဖူးပါတယ်။ ရင်းနှီးလွန်းလှတဲ့ ဒီအသံက သူမ တကယ်လိုအပ်နေခဲ့တာပါ။ တွေ့ချင်လိုက်တာ…ပြောပြချင်လိုက်တာ။

“ရှင့်ကို တွေ့ချင်လိုက်တာ စနေ ”

တိုးဖွဖွရေရွတ်သံက လေတိုးလို့ထွက်ပေါ်လာသည့် အုန်းလက်များ၏ ထိခတ်သံများကြားတွင် ပျောက်ကွယ်သွားသည်။ ပင်လယ်ပြင်ကို မျက်နှာမူပြီး ထိုင်နေတာမို့ သူမနောက်ဖက်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ မသိ။ ကမ်းစပ်က သဲသောင်ပြင်မှာ တွန်းထိုးရန်ဖြစ်နေသည့် လူနှစ်ယောက်။ နှစ်ယောက်စလုံးမှာ ဒေါသတကြီးနှင့် ကိုယ်စီပေါက်ကွဲနေချိန်ဖြစ်သောကြောင့် အနားမှလူများကလည်း ဝင်မပါရဲကြ။ ခဏကြာမှ တစ်ယောက်က အလျှော့ပေးလိုက်လေသလား၊ တယောက်ကပဲ အနိုင်ရသွားလေသလား မသိ …အုန်းပင်တန်းကို ဖြတ်လျှက် ဆူးရစ်သွယ်ထံသို့ အပြေးကလေး ရောက်လာသည့်  လူတစ်ယောက်။ သူမ မျှော်လင့်နေသည့် လူမှဟုတ်ပါလေစ။

“ဆူး…ဆူးရစ်သွယ် ”

“ဟင် …ရှင်လား တကယ်ပဲ ရှင်လား စနေ ”

ဟုတ်ပါတယ်။ သူမလှည့်ကြည့်လိုက်တော့  အပြေးကလေးဦးတည်လာသည့် ပုံရိပ်က မျှော်လင့်နေခဲ့ရသူ။ အမြဲလိုလို  မျက်မှောင့်ကြုတ်ထားနေကျ မျက်နှာက မပြောင်းမလဲ။  ဆူးရစ်သွယ်လည်း သူ့ထံသွားဖို့ ခြေလှမ်းလိုက်ပေမယ့် ရုတ်တရက် နာကျင်မှုနှင့်အတူ ခြေအစုံက ပြိုလဲကျသွားသည်။
အနားရောက်လာတဲ့ သူကပဲ သူမကို ထွေးပွေ့ခဲ့သည်လား  သူမကပဲ သူ့ရင်ခွင်ထဲ တိုးဝင်ခဲ့လေသည်လား…သည်းထန်သော ငိုရှိုက်သံကတော့ ပျံ့လွင့်လျှက်။

A Gypsy's Palace(Normal)Where stories live. Discover now