အိမ်ကြီးသခင်(၅)Uni

237 26 2
                                    

ပြတင်းတံခါးနံရံကို လာရိုက်ခတ်တဲ့ မိုးရေစက်များက ညအမှောင်ကို ပိုမိုအသက်ဝင်စေသည်။ လမိုက်ညဖြစ်နေသောကြောင့် လမင်းရဲ့ အလင်းရောင်မရှိ၊ မိုးသားတိမ်ထူနေတာကြောင့်ရော ရှိလက်စ ကြယ်ပွင့်များပင် ငုပ်လျိုးသွားသည်။ ဒီလို ကြယ်တွေစုံတဲ့ညမျိုးမှာ သဲသောင်စပ်မှာ လဲလျောင်းရင်း ကောင်းကင်ကြီးကိုငေးကြည့်ရတာကို စနေ အကြိုက်ဆုံးပင်။

ငယ်ငယ်တုန်းကပေါ့…ဟိုးလွန်ခဲ့တဲ့နှစ်များစွာ သူဟာ လူသားတစ်ယောက်ပါလားလို့တောင် ရေလည်ပတ်လည်မသိတုန်းကပေါ့…မှတ်ဉာဏ်ထဲမှာ စွဲစွဲမြဲမြဲဖြစ်နေတဲ့ အခိုက်အတန့်တခုရှိခဲ့တယ်။

နေရောင်ခြည်နွေးနွေးက သူ့တကိုယ်လုံးကိုလွှမ်းခြုံထားတယ်။ ခြေဖဝါးကတဆင့်သိရတဲ့ သဲသောင်ဖြူရဲ့ အတွေ့အထိက နူးညံ့လို့ပေါ့။ ပြီးတော့  သူ့လက်တဖက်စာ ပုပုသေးသေး ညိုတိုတို အကောင်လေးရော။ သူတို့ သဲသောင်ပြင်မှာ ပြေးလွှားဆော့ကစားနေကြတယ်ထင်ပါရဲ့။

ဆားနံ့ကဲကဲနှင့် ငါးညှီနံ့သင်းပျံ့နေသော ပတ်ဝန်းကျင်သည် ဘယ်အရပ်ဒေသမှန်းမသိ။ သူဆော့လို့မောသွားတဲ့အချိန် သောင်စပ်မှာ အိပ်ပျော်သွားသည်။ သူ့နာမည်ကို ခပ်အုပ်အုပ်ခေါ်နေသောအသံရှင်သည် သူနှင့်အနီးဆုံးမှာရှိနေသည်။ သူ့လက်ကိုဆွဲ၍ ကမ်းစပ်မှာ ရှိနေသော လှေငယ်မှ ဆင်းလာသည့် လူကြီးကို သွား ကြိုကြတာပေါ့။

အဖေ…သူ့ရဲ့အဖေပါ။ ကြေးနီရောင် အသားအရောင်သည် အပေါ်ပိုင်းဗလာဖြစ်နေသော ရင်အုပ်ကျယ်ကြီးကို လှစ်ဟပြနေသည်။ ပခုံးနှစ်ဖက်မှာ ကျားပိုက်ခွေကို ရစ်ပတ်ကာ ထမ်းပိုးလာသည်။ လက်တဖက်မှာတော့ သူ့အရပ်မကသော ကျွဲငမန်းပေါက်တစ်ကောင် ပါလာသည်။ ပြီးတော့ နောက်လက်တဖက်က အဖေကိုယ်တိုင်ကလွဲလို့ ဘယ်သူမှမကိုင်နိုင်သော သံဖြူမှိန်းတစ်ချောင်းပါ။

အဖေ့ပုံစံက ရှေ့တန်းကပြန်လာသော စစ်သေနာပတိရဲ့ ဟန်ပန်မျိုးပါ။
တခဏအတွင်း သူ့ရဲ့ပါးပြင်ထက်ကို ကျရောက်လာသော အဖေ့ရဲ့ အနမ်းများ။ ဝမ်းခေါင်းသံကြီးနှင့် အော်ဟစ်ရယ်မောကာ သူ့နာမည်ကိုခေါ်နေသည့်အဖေ၊ သဲသောင်စပ်ထိသူ့ခန္ဓာကိုယ်သေးသေးလေးကို ထမ်းယူသွားကာ ရေပြင်နက်နက်ရောက်လျှင် ပစ်ချကာ ကျီစယ်တတ်သောအဖေ၊ တခါတလေ သူနှင့်အတူ ဟိုးအောက်ခြေက သန္တာကျောက်တန်းသို့တိုင်အောင် ရေငုပ်ပြိုင်သည်။ တခါတလေတော့ ကမာကောင်တွေဖမ်းယူကာ ပါလာသည့်ပုလဲများကို  ခွာထုတ်ကြသည်။
ရလာသည့် ပုလဲများကို အဖေက သူ့အတွက် ဝင်ကစွပ်ခွံတစ်ခုတွင် ထည့်ထားပေးသည်။

A Gypsy's Palace(Normal)Where stories live. Discover now