10

1.6K 242 22
                                    

Unicode

"အောင်စာရင်းထွက်တော့မှာ"

ခန့်ညားမောင်ရဲ့ ဖင်တကြွကြွဖြစ်နေမှုကို မြတ်နိုးမောင် မကြည်သလိုကြည့်တယ်။

"ဘာလို့ကြိုပြီးတော့ မကြည့်လိုက်တာလဲ လက်ဖက်ရည်ဖိုးလေး နည်းနည်းပေးလိုက်ရင် ဖြစ်သွားမှာကို"

ခန့်ညားမောင်က သူ့ညီမကို မျက်စောင်းထိုးတယ်။

"ကြိုသိရင် ဒီလိုရင်ခုန်ရတဲ့အရသာကို ဘယ်ရမလဲ"

"နင့်အတွက် ငါကြည့်ပေးထားတာကို တကယ်မသိချင်ဘူးလား"

မြတ်နိုးမောင်မှာ ဘယ်တုန်းက အဆက်အသွယ်တွေ ပေါသွားလဲဆိုတာကို ခန့်ညားမောင် မသိဘူး။ သူမသိလိုက်ခင်မှာ မြတ်နိုးမောင်က အများကြီးရင့်ကျက်နေပြီ။ ပိုက်ဆံကို ဘယ်လိုသုံးပြီး လူကြီးတွေကို ဘယ်လိုမျိုး ခိုင်းရမလဲဆိုတာကို ဒီကလေးမက ကောင်းကောင်းသိနေပြီးပြီ။

"မသိချင်ဘူး ဟိုကောင်တွေ လာအောင် စောင့်နေတာ"

မနက်လေးနာရီမှာ ဖင်တကြွကြွဖြစ်နေတဲ့ ခန့်ညားမောင်ကို မြတ်နိုးမောင် အေးအေး ဆေးဆေးပဲ ကြည့်နေလိုက်တယ်။ အစ်ကိုလုပ်တဲ့လူက သုံးဘာသာဂုဏ်ထူးနဲ့ အောင်ပါတယ် ဆိုတဲ့ အကြောင်းကို မပြောပြဖြစ်လိုက်ဘူး။ ထားပါတော့ သူ မသိချင်ဘူးဆိုလည်း မသိချင်ဘူး ပေါ့။ ကိုယ့်ဘာသာ သိထားရတာပေါ့။

သိပ်မကြာဘူး ခန့်ညားမောင်ရဲ့ မျောက်လောင်းအုပ်စု ရောက်လာတော့တယ်။ ဆယ်တန်းကျောင်းသားတွေရဲ့ အောင်စာရင်းထွက်မဲ့နေ့မို့ သူတို့တွေ အော်ကျယ်အော်ကျယ် တက်လာတာကို တိုက်က အိမ်တွေက ဘာမှမပြောကြရှာဘူး။ တချို့ဆိုရင် သူတို့အတွက်တောင် ဆုတောင်းပေးလိုက်သေးတယ်။ သိနေပြီးသား အဖြေတစ်ခုကို လိုက်ကြည့်စရာမလိုတာကြောင့် မြတ်နိုးမောင်က သူ့သူငယ်ချင်းတွေနဲ့ အုပ်စုလိုက်ထွက်သွားတဲ့ ခန့်ညားမောင်ကို ဝရန်တာကပဲ လက်ပြလိုက်တယ်။ ပြီးတော့ ကိုယ့်အိပ်ခန်းထဲကို ဝင်ပြီးအိပ်လိုက်တော့တယ်။ အိပ်မပျော်ခင်မှာ အောင်စာရင်းကို ဝေယံကိုကို လာကြည့်လောက်လားလို့ မြတ်နိုးမောင်က စဉ်းစားဖြစ်သေး တယ်။ တကယ်ဆိုရင် မင်းသားလေးက သူ့အိမ်က ကြိုကြည့်ပေးထားတာမို့ လာကြည့်စရာ မလို လောက်ဘူး မဟုတ်လား။

The One I Like Is You [Own Creation]Where stories live. Discover now