832

441 66 0
                                    

Chapter 832: အမှတ်အသား ပြန်ပေါ်လာခြင်း
ဖန်းရို၏ ခေါ်သံက နီးကပ်လာသည်။ ရှီယန် ကျိယောင်နားတွင် ကြာကြာ မနေရတော့ပါ။ သူ အချိန်တို အတွင်း အလျင်အမြန် ပျောက်ကွယ် သွားသည်။
ပိုင်ထျန်းတို့ အဖွဲ့လည်း ထွက်သွားသည်။ အိုကဲရာ၊ ယဲ့လန်နှင့် တိုင်မူတို့က ဤအိမ်တော်တွင် မနေထိုင်ပါ။ ထိုကြောင့် ဤဥယျာဉ် အတွင်း၌ ကျိယောင်နှင့် ခါသေ့တို့သာ ကျန်ရစ်ခဲ့သည်။
ပိုင်ထျန်းနှင့် ရှီယန်တို့ ထွက်သွားပြီးနောက်…
ခါသေ့နှင့် ကျိယောင်တို့ အချိန် အတော်ကြာ တိတ်ဆိတ်နေသည်။ သူတို့၏ အမူအရာက ရုပ်ပျက်ဆင်းပျက် ဖြစ်နေသည်။
အချိန် အတော်လေး ကြာပြီးနောက်…
ခါသေ့ သက်ပြင်းချကာ ပြောသည်။
“ပိုင်ထျန်းက ရဲရင့်တယ်။ သူက ဒီလို ကမ်းလှမ်းချက်မျိုး လုပ်ရဲအောင် သတ္တိ ရှိတယ်…”
ကျိယောင် မျက်မှောင်လေးကြုတ်နေသော်လည်း ဘာမှပြန်မပြောပါ။
“ရှီယန်ရဲ့ အနာဂတ်ပေါ်မှာ သူ့သမီးရဲ့ ဘဝ တစ်လျှောက် ပျော်ရွှင်မှု အားလုံးကို လောင်းကြေး ထပ်ခဲ့တယ်… ဒီလောင်းကြေးမှာ သူ နိုင်ရင် ဆုအကြီးကြီး ရလိမ့်မယ်။ ငါ မင်းကို ဒီလောက်ပဲ ပြောနိုင်တယ်”
ခါသေ့ ပင့်သက်ရှိုက်လိုက်ပြီးနောက်…
“သူရဲ့ အလားအလာနဲ့ ဆိုရင် နှစ်ပေါင်း နှစ်ရာက ဒေါသမီးလျှံကြယ်တာရာနယ်မြေရဲ့ ထူးချွန်တဲ့ သူရဲကောင်း တစ်ယောက် ဖြစ်ဖို့ လုံလောက်တယ်။ သူက ပိုင်ထျန်းကိုတောင် ကျော်လွန်သွားလ်ိမ့်မယ်။ တကယ်လို့ သူက ပိယူကို လက်ထပ်ခဲ့ရင် ပိုင်ထျန်းက သူ့အတွက် အရင်းအမြစ် အားလုံး သုံးစွဲလိမ့်မယ်။ ဒါဆို သူ အမြန်ဆုံး ကြီးထွား လာလိမ့်မယ်။ အကြံကောင်းပဲ…။ ပိုင်ထျန်းက တကယ့်ကို ပါးနပ်လွန်တယ်…”
ကျိယောင် ခါးသီးသွားပြီး သက်ပြင်း ချလိုက်သည်။
သူမ ရှီယန်ကို သိခဲ့သည်မှာ ကြာခဲ့ပြီ ဖြစ်သည်။ သူ၏ အလားအလာကို အခြားသူများထက် သူမ ပို၍ ရှင်းရှင်းလင်းလင်း သိသည်။
ကြယ်ပေါက်ကွဲခြင်းအပိုင်းအစလွင်ပြင်တွင် သူတို့ တွေ့ဆုံစဉ်က ရှီယန်သည် အစစ်မှန် နတ်ဘုရား နယ်ပယ်မျှသာ ရှိသေးသည်။
ဆယ်နှစ် အတွင်း၌ သူ နတ်ဘုရင် ဒုတိယ အဆင့်သို့ ရောက်ရှိခဲ့သည်။
ကျိယောင် နတ်ဘုရင် တတိယ အဆင့်၌ အချိန် အကြာကြီး ရှိနေခဲ့သည်။ သို့သော် သူမ၏ နယ်ပယ်က ထိုအတိုင်း ရှိနေစဉ် ရှီယန် ဆက်လက် တိ်ုးတက် လာခဲ့သည်။ သူက နတ်ဆိုး မျိုးနွယ်မှ သန်မာသူ ဂျိုနက်ကို အနိုင်ယူခဲ့သည်။ သူမ ဂျိုနက်ကို အနိုင်ယူနိုင်လား မယူနိုင်ဘူးလား ဟူသည်ကို ကျိယောင် သိချင်မိသည်။
၎င်း၏ အဓိပ္ပာယ်ကား ရှီယန်သည် သူမ၏ ပြင်ပ အင်းအားစုများ မပါလျှင် သူမကို တိုက်ခိုက်နိုင်နေပြီဖြစ်သည်။
ဒါက ဘာမှပင် မကြာလိုက်ပါ။
ထိုအရာများကို စဉ်းစားနေခြင်းက ကျိယောင်ကို ခေါင်းကိုက်စေသည်။
“အိုကဲရာကို အိုကူဒို ထောက်ခံပေးတယ်။ အိုကူဒို မရှိရင် သူက ရှီယန်လောက် သန်မာမှာ မဟုတ်ဘူး”
ခါသေ့ သက်ပြင်းချလိုက်သည်။ သူ့မျက်နှာက လေးနက်နေသည်။
“အရှုံးမပေးနဲ့။ တကယ်လို့ မင်း ဒီအခွင့်အရေးကို လက်လွတ်လိုက်ရင် ကျန်ရှိနေတဲ့ ဘဝ တစ်လျှောက်လုံး နောင်တ ရနေလိမ့်မယ်…”
ကျိယောင် မျက်မှောင်ကြုတ်ကာ မေးသည်။
“ဦးလေး ခါသေ့…ဘာကို ဆိုလိုတာလဲ…”
“ဦးလေး ဘာကို ဆိုလိုချင်မှန်း မင်း သိပါတယ်။ ရှီယန်က သာမန် လူတစ်ယောက် မဟုတ်တော့ဘူးလို့ ဦးလေး မင်းကို သတိ ပေးချင်တယ်။ သူ့ကြောင့် ပိုင်ထျန်း ထွက်လာခဲ့တာ။ ဖန်းခါ့လည်း သူ့ကို သိမ်းသွင်းဖို့ အကောင်းဆုံး ကြိုးစားလိမ့်မယ်။ တကယ်လို့ မင်း သူ့ကို မရဘူးဆိုရင် အမြဲတမ်း ရှုံးနိမ့် ရလိမ့်မယ်။ မင်းကိုယ်တိုင် ရွေးချယ်ပါ…”
ခါသေ့ သက်ပြင်းချကာ ခေါင်းခါသည်။
“သွားစို့။ အိုကဲရာနဲ့ ယဲ့လန်က ငါတို့ကို စောင့်နေတယ်။ မင်းရဲ့ လမ်းကြောင်းအတွက် စဉ်းစားသင့်တယ်။ အိုကူဒို ရောက်လာတော့မယ်။ ဒါပေမဲ့ လီအိုနာလည်း လာလိမ့်မယ်။ မင်းနဲ့ ရှီယန်ကြားက ဆက်ဆံရေးကို ဘယ်လိုဖြစ်ချင်လည်း စဉ်းစားပါ…”
ကျိယောင် မျက်မှောင်ကြုတ်ကာ တိတ်ဆိတ် သွားသည်။ သူမ စိတ်နှင့်လူ ကင်းကွာနေသည့် အလား ခါသေ့ အနောက်မှ တိတ်တဆိတ် လိုက်ပါသွားသည်။
------------------------
သက်ဝင် လှုပ်ရှားလျှက် ရှိသော လမ်းမပေါ်တွင်…
ရှီယန်နှင့် ဖန်းရိုတို့ ပခုံးချင်းယှဉ်လျှက် လမ်းလျှောက်နေသည်။ သူတို့က မကြာခန ပြုံးသည်။ သူတို့ အလွန် ပျော်ရွှင်နေဟန် ရသည်။
“ကြည့်လိုက်။ ဟိုဆိုင်မှာ ထူးဆန်းတဲ့ ပစ္စည်းတွေ အများကြီး ရောင်းနေတယ်။ ဒေါသမီးလျှံကြယ်တာရာနယ်မြေမှာ ရှာမတွေ့နိုင်တဲ့ ပစ္စည်းတွေတောင် ရှိတယ်…”
ဖန်းရို၏ မျက်ဝန်းတို့ တောက်ပသွားပြီး လမ်းဘေးရှိ ဆိုင်တစ်ဆိုင်ကို ညွှန်ပြလိုက်သည်။ သူမက စိတ်လှုပ်ရှားစွာ ပြုံးလိုက်ပြီး ရှီယန်ကို လှည့်ကြည့်သည်။
“နင့် ရေချိုးချင်ရင် ငါစောင့်နေမယ်လေ။ ဒါပေမဲ့ မြန်မြန် ချိုးရမယ်…”
ဖန်းရို၏ စကားထဲတွင် တစ်စုံတစ်ခု ဖုံးကွယ်ထားသည်။ သူမ၏ မျက်ဝန်းက လင်းလက်နေသည်။
သန့်စင်ခြင်း ကြယ်တွင် သူမက ကြယ်တာရာ မြေပုံကို ပြန်ရရန်အတွက် စိတ်ရှည် သည်းခံခဲ့သည်။ သူမက အရူးတစ်ယောက် မဟုတ်ပါ။
အမှန်တော့ ဖန်းရိုသည် သတိကြီးကာ ရှင်းလင်း ပြတ်သားသူ ဖြစ်သည်။
ခုန ရှီယန် ပျောက်နေသည်က လိုအပ်သည်ထက် အချိန်နည်းနည်းလေးပိုသည်။ အခြား ထူးဆန်းသော အရာများနှင့် ဆက်စပ် တွေးတောလျှင် သူ တစ်စုံတစ်ယောက်နှင့် သွားတွေ့မှန်း ဖန်းရို သိသည်။ ဉာဏ်ကောင်းသော အမျိုးသမီး တစ်ယောက် အနေဖြင့် ဖန်းရို ထိုအကြောင်းကို မမေးခဲ့ပါ။ သူမက ဘာမှ မသိသည့် အလား ဆက်လက် ဟန်ဆောင်သည်။
မည်သို့ပင်ဆိုစေ…၎င်းကို သူမ ဂရုမစိုက်ဟု မဆိုလိုပါ။ ထိုကြောင့် သူမက အခွင့်အရေးယူကာ ရှီယန်ကို ကျီစယ်လိုက်ခြင်း ဖြစ်သည်။
“ရတယ်… ငါ လုပ်ပြီးပြီ။ အခု ငါ သန့်စင်နေပြီ”
ရှီယန် ရှက်ရွံ့စွာ ပြုံးသည်။ သူက ဖန်းရို စကားပြောသည်ကို မစောင့်တော့ဘဲ ရှေ့တည့်တည့်ရှိ ဆိုင်ကို ဦးတည် သွားလိုက်သည်။
သူတို့သည် ဉာဏ်ကောင်းသော လူများ ဖြစ်သည်။ သူတို့ ကျယ်လောင်စွာ ပြောရန် မလိုအပ်ဘဲ တစ်ယောက်ကိုတစ်ယောက် နားလည်သည်။
ထိုဆိုင်က စတုရန်း မီတာ တစ်ထောင် ကျယ်ဝန်းပြီး သလင်းကျောက် အမျိုးအစားများစွာ၊ အမျိုးအမည် မသိ မြက်ပင်များ၊ ဆေးပင်များနှင့် ပန်းပွင့်များကို နေရာအလိုက် ခင်းကျင်း ပြသထားသည်။ သူတို့သည် ထူးဆန်းသော စာအုပ်များ၊ သားရဲ အရိုးများ၊ သဘာဝ ပုံစံနှင့် တန်ဖိုးရှိသော သားရေပြားများကိုလည်း မြင်တွေ့နိုင်သည်။
ကုန်စုံဆိုင်ကဲ့သို့ပင် အရောင်းစားပွဲတွင် ပစ္စည်းများကို ထုတ်ပိုးပေးသည်။ ပစ္စည်းအများစုက ထူးဆန်းပြီး အမျိုးအမည် မသိရပါ။ သူတို့ထဲမှ အချို့ကို ဖန်းရို ကိုယ်တိုင်ပင် မသိပါ။
အချို့ ကျောက်တုံးများ၊ သလင်းကျောက်များနှင့် သားရဲ အရိုးများမှ ထူးဆန်းသော စွမ်းအင် အတက်အကျ ဖြစ်ပေါ်နေခြင်းက မထူးဆန်းလှပါ။
ဆံပင်ဖြူနေသော အဖွားအိုတစ်ယောက် ထိုင်ခုံပေါ်တွင် ထိုင်နေသည်။ သူမ၏ ဦးခေါင်းက မကြာခန ခေါင်းညိတ်နေသည်။ ဝယ်ယူသူ အချို့က သူမ၏ ဆိုင်ကို ဝင်ရောက် ကြည့်ရှုနေမှန်း သူမ သိရှိဟန် မရပါ။
အဖွားအို၏ စွမ်းအင်အဆင့်က မမြင့်မားပါ။ သူမက အစစ်မှန် နတ်ဘုရား တတိယ အဆင့်မျှသာ ရှိသည်။ သူမက ထိုအဆင့်တွင် နှစ်ပေါင်းများစွာ နေခဲ့ဟန်တူသည်။ ပြီးနောက် သူမက အဆင့်ချိုးဖြတ် တက်နိုင်ခြင်း မရှိဘဲ အိုမင်း လာခဲ့သည်။ သူမက ဤဆိုင်လေးတွင် နေထိုင်ရင်း နတ်ဘုရင်အဆင့်ကို ချိုးဖျက် တက်ရန် မျှော်လင့်နေဆဲဖြစ်ဟန်တူသည်။
ဒေါသမီးလျှံကြယ်တာရာနယ်မြေက ကျယ်ပြောသည်။ လူတိုင်းက နတ်ဘုရင် အဆင့် သိုင်းသမားများကို အလွယ်တကူ တွေ့ဆုံနိုင်သည်။ တစ်ခါတစ်ရံ မူလ နတ်ဘုရား အဆင့် သိုင်းသမားများကိုလည်း မြင်တွေ့နိုင်သည်။
သို့သော် အစစ်မှန် နတ်ဘုရား အဆင့် သိုင်းသမား အားလုံး နတ်ဘုရင် အဆင့်သို့ မချိုးဖျက်နိုင်ပါ။ နှိုင်းယှဉ်ရလျှင် ဒေါသမီးလျှံကြယ်တာရာနယ်မြေတွင် လူဦးရေ သန်းချီရှိရာ နတ်ဘုရင် အဆင့် သိုင်းသမား ရှားပါးသည်။ လူများစွာသည် အစစ်မှန် နတ်ဘုရား နယ်ပယ်တွင် ဘဝ တစ်လျှောက်လုံး ကုန်ဆုံးရသည်။
ဤအဖွားအိုသည်လည်း ထိုသို့သောလူမျာထဲမှတစ်ယောက်သာဖြစ်သည်။
အဖွားအိုသည် တစ်စုံတစ်ယောက်က ဆိုင်အတွင်းမှ ပစ္စည်းများ ခိုးယူသွားမည်ကို ဂရုမစိုက်သည့် အလား ငိုက်မြည်းနေသည်။
“သူမက ငါတို့ နတ်ဘုရားပြစ်ဒဏ်ခတ်နယ်မြေရဲ့ အသက်အကြီးဆုံး အမျိုးသမီးပဲ။ သူမက နှစ်ထောင်ပေါင်း အတော်များများ နေထိုင်ခဲ့ပြီးပြီလို့ ငါ ထင်တယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက သူမရဲ့ အမျိုးသားက နတ်ဘုရားပြစ်ဒဏ်ခတ်နယ်မြေမှာ အသန်မာဆုံး ဓားပြခေါင်းဆောင် ဖြစ်ခဲ့တယ်။ ဒေါသမီးလျှံကြယ်တာရာနယ်မြေတစ်ဝိုက်က သင်္ဘော အားလုံးကို လုယက်ခဲ့ပြီး အကြီးအကျယ် ရိတ်သိမ်း ခဲ့တယ်လို့ ငါ ကြားဖူးတယ်။ ဒါပေမဲ့ သူ နှစ်ထောင်ပေါင်းများစွာ ပျောက်ဆုံးသွားခဲ့တယ်။ သူ သေပြီလို့ ယူဆလိုက်ကြတယ်။ ပြီးတော့ သူမက သူ့ယောက်ျား လုယက်ခဲ့တဲ့ ပစ္စည်းတွေကိုရောင်းချရင်း ကောင်းကင်ပြစ်ဒဏ်မြို့မှာ နေထိုင်ခဲ့တယ်။ ဘယ်မှာမှ ရှာမရတဲ့ ပစ္စည်းတွေ သူ့ဆိုင်မှာရှိတယ်လို့ နာမည်ကြီးတယ်။ တကယ်တော့ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ အားလုံး ရောင်းချပြီးပြီ။ ဒီမှာ ငါတို့ တွေ့ရတာက လူတွေ ဝယ်ပြီးလို့ ကျန်ခဲ့တဲ့ ပစ္စည်းတွေ။ သာမန် အသုံး မဝင်တဲ့ ပစ္စည်းတွေပဲ…”
သူတို့ ဆိုင်အတွင်းသို့ ဝင်သွားပြီးနောက် ဖန်းရို ရှင်းပြသည်။
“ငါတို့ ကြည့်လို့ရတယ်။ ဘာမှ ဝယ်စရာ ရှိမှာတော့ မဟုတ်ဘူး…”
“ဒေါသမီးလျှံကြယ်တာရာနယ်မြေမှာ မရှိတဲ့ အရာ ဒီဆိုင်မှာ ရှိတယ်…ဟုတ်လား…ဘယ်သူမဆို ဒီဆိုင်ကနေ ဝယ်လို့ရလား…”
ရှီယန် မေးသည်။
“ဟုတ်တယ်။ ကောလာဟလ အရ လူတချို့က ဒီကနေ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ ရောင်းတယ်လို့ ပြောတယ်”
ဖန်းရို ခေါင်းည်ိတ်သည်။
“တကယ်တော့ ဒါက ကောလာဟလပါ။ ငါတို့ ဘာမှ မမြင်မိဘူး။ ငါ့အဖေ ဓားပြငယ် ဘဝကတည်းက သူမ ဒီမှာ ရှိနေခဲ့တာ။ ဒီဒဏ္ဍာရီဟာ အရင်ကတည်းက ရှိခဲ့တာ။ ဒီအကြောင်းကို ငါ့အဖေ ဆီကနေ ကြားခဲ့တာ။ ဒါက မှန်လား မမှန်လားဆိုတာ ငါလည်း မသေချာဘူး…”
ရှီယန် အံ့သြသွားသည်။ သို့သော် သူကို အများကြီး မဆွဲဆောင်ခဲ့ပါ။ ထို့အစား သူက ဆိုင်အတွင်း လျှောက်ပတ်ကြည့်သည်။
အမျိုးအမည် မသိရသော ကျောက်တုံးများနှင့် သလင်းကျောက်များကို သူ တွေ့သည်။ ပစ္စည်း အများစုက စွမ်းအင် အတက်အကျ မရရှိ။ ဘာအတွက် အသုံးပြုမှန်း သူ မသိပေ။ အချိန် အကြာကြီး ရှိခဲ့တာကြောင့် မည်သို့သော သားရဲ အမျိုးအစား အရိုးမှန်း သူ မပြောနိုင်ပါ။ ထိုပြင် သားရဲတို့၏ အဆင့် သို့မဟုတ် အမျိုးအစားကိုလည်း မပြောနိုင်ပါ။ သူတို့၏ တန်ဖိုးကို ပြောရန် ခက်ခဲသည်။ ပြီးနောက် စွမ်းအင် အတက်အကျ မရှိသော ရုပ်သေးရုပ် များစွာကိုလည်း တွေ့ခဲ့သည်။
ဤဆိုင် အတွင်း၌ ကောင်တာပေါ်တွင် ပစ္စည်း ရာပေါင်းများစွာ စုပုံထားသည်။ သူတို့ အများစုက စွမ်းအင် မရှိပါ။ အကယ်၍ သူတို့၏ စွမ်းအင်က နည်းပါးလွန်ရာ အများကြီး မထိုက်တန်ပေ။
ရှီယန်က ဤနေရာတွင် တန်ဖိုးကြီး ပစ္စည်းများကို ရှာဖွေရန် ရည်ရွယ်ချက် မရှိပါ။ သူက အခြား ကြယ်နယ်မြေရှိ ပစ္စည်းများ မည်သို့ မည်ပုံရှိသည်ကို သိချင်သဖြင့် စူးစမ်းခြင်း ဖြစ်သည်။ သူက ကောင်တာပေါ်ကြားတွင် ခေါက်တုံခေါက်ပြန် လျှောက်ရင်း ပစ္စည်းများကို သူ့ဝိညာဉ် အသိကို ထုတ်လွှတ်ကာ ပစ္စည်းများကို လေ့လာသည်။
စွမ်းအင် တစ်စက်မျှ မရှိသည့် လက်သီးဆုပ်အရွယ်မျှ အပြာရောင် ကျောက်တုံးက ရှီယန်ကို ဆွဲဆောင် သွားသည်။ ၎င်းက ကြည့်ရသည်ထက် ပိုလေးသည်။
ထိုအပြာရောင် ကျောက်တုံးက သာမန်ဟု ထင်ရသည်။ ၎င်းတွင် ထူးခြားသော အသွင်အပြင် မရှိပါ။ ကျောက်တုံး၏ သဘာဝ ဖွဲ့စည်းပုံလည်း မရှိပါ။ သို့သော် ရှီယန်က သူ့ဝိညာဉ် အသိကို ကျောက်လုံး အတွင်းသို့ ပို့လွှတ်ရာ သူ့ကြယ်စွမ်းအင် အသိသို့ အားနည်းသည့် စွမ်းအင် အလင်း တုံ့ပြန်သည်။ ထိုကျောက်လုံးက သေးငယ်ဟန် ရသော်လည်း သူ့ကြယ်စွမ်းအားနှင့် မှော်ဆန်သော ဆက်နွယ်မှု ရှိသည်။
ရှီယန် အံ့သြသွားသည်။ သူက အပြာရောင် ကျောက်တုံးကို ကောက်ယူပြီး အရောင်းစားပွဲပေါ်တင်လိုက်သည်။ ပြီးနောက်ဖန်းရိုကို ခေါင်းညိတ်ပြကာ
“ငါ ဒီကျောက်လုံးကို လိုချင်တယ်…”
ကျောက်တုံး၏ လျှို့ဝှက် ဆန်းကြယ်မှုကို အာရုံခံရန် သူ့ကြယ်စွမ်းအင် အသိကိုတော့ အသုံးမပြုလိုပါ။ ဤနေရာက တစ်စုံတစ်ယောက်၏ နေရာဖြစ်သည်။ အကယ်၍ ဤကျောက်တုံးက မှော်ဆန်သော စွမ်းအင် ရှိနေပြီး သူ့အပြင် အခြား တစ်ယောက် ရသွားလျှင် တန်ဖိုးကြီးကြီးပေးကာ ပြန်ယူ နေရ ပေလိမ့်မည်။
“ကောင်းပြီ။ နင့် လိုချင်တာ ရှိသေးလားဆိုတာ ဆက်ကြည့်ပါဦး”
ဖန်းရိုက ကျောက်လုံးကို တစ်ချက် ကြည့်ပြီးနောက် အကြည့် လွဲလိုက်သည်။ ရှီယန်၏ ပစ္စည်းကို သူမ စိတ်မဝင်စားပါ။ ရှီယန်ကဲ့သို့ပင် သူမ အတွက် ရုပ်သေးရုပ် အချို့ ရှာဖွေနေသည်။
ရှီယန်က စင်များအောက်ရှိ ပစ္စည်းပုံများကို ဆက်လက် လှန်လှော ရှာဖွေသည်။ ထိုအရာများက ထူးဆန်းသည်။ သို့သော် သူတို့တွင် မည်သည့် စွမ်းအင်မျှ မရှိရာ ရှီယန် ဝိညာဉ် အသိကို အသုံးပြုပြီး မစစ်ဆေးတော့ပါ။
မကြာမီ သူ နောက်ထပ် ပစ္စည်းများ ပုံထားရာ နေရာသို့ လျှောက်သွားလိုက်သည်။
အေးစိမ့်ပြီး သေးငယ်သော ဒိုင်းကာလေးတစ်ခုကို သူကောက်ယူကြည့်သည်။ ထိုအရာကား အိတ်ဆောင် အရွယ်မျှသာ ရှိသည်။ ၎င်းက လူသား တစ်ယောက်၏ မျက်နှာခန့် ကြီးပြီး အတ်ာလေး လက်ရာမြောက်ကာ ချစ်စရာ ကောင်းသည်။
ထိုဒိုင်းငယ်လေးက အပြာရောင်နှင့် အညိုရောင် ရှိသည်။ ၎င်းက သူ့လက်ထဲတွင် အေးစက် ချောမွေ့နေသည်။ ရှီယန်က ဝိညာဉ် အသိကို အထဲသို့ ပို့လွှတ်ကြည့်သည်။ မည်သည့် စွမ်းအင်မျှ မတုံ့ပြန်ပါ။ ဒိုင်း၏ ကျောဘက်ခြမ်းတွင်လည်း မည်သည့် ရုပ်ပုံ သို့မဟုတ် အစီရင် တစ်ခုမျှ မထွင်းထုထားပါ…။
ရှီယန် သာမန်မျှသာ ကြည့်ပြီးနောက် ဆွဲဆောင်မှု မရှိသဖြင့် လွင့်ပစ်လိုက်သည်။
ထန်…ထန်…
ဒိုင်းငယ်လေးက ထူးဆန်းသော အသံ အချို့ကို ဖန်းတီးသည်။ ရှီယန် ၎င်းကို ကြည့်ပြီး သူ့မျက်နှာက ချက်ချင်း တင်းမာသွားသည်။
ညိုပြာရောင် ဒိ်ုင်း၏ မျက်နှာ တစ်ဖက်တွင် သွေးတိမ်တိုက် ငါးမျိုး အမှတ်အသား တစ်ခု ပြနေသည်။
၎င်းက သူ့နတ်ဘုရား ဝိညာဉ် နဖူးပေါ်ရှိ အမှတ်အသားနှင့် အတိအကျ တူညီသည်။
ရှီယန် ထိတ်လန့် သွားသည်။ သူ လေးနက်သွားပြီး ဒိုင်းကို စစ်ဆေးသည်။ သို့သော် ဒိုင်း၏ ချောမွေ့နေသော အခြား တစ်ဖက်တွင် မည်သည့် အမှတ်အသားမျှ မတွေ့ရပါ။
သို့သော် ခုနသူက ဒိုင်းကို ပွတ်သပ်ကာ လွင့်ပစ်လိုက်သည်နှင့် အမှတ်အသား ပေါ်ထွက်ခဲ့သည်။ ဘာတွေ ဖြစ်နေနည်း။
သူ့ကြောင့်ပင်လော။
ရှီယန် အသက် ရှူသွင်းပြီး သူ့စိတ်ကို ရှင်းလင်းအောင် ပြုလုပ်သည်။ သူက ခုနကအတိုင်း ပြုလုပ်ပြီးနောက် ဒိုင်းငယ်လေးကို ကောက်ယူသည်။
သူ နောက်တစ်ကြိမ် ကြည့်လိုက်သည်နှင့် သွေးတိမ်တိုက် ငါးမျိုး အမှတ်အသားက ဒိုင်းပေါ်တွင် ပျောက်ကွယ် သွားသည်။ သို့သော် ဒိုင်းက ပိုမို အေးစက်နေသည်။
တစ်ချိန်းတည်မှာပင် ရှီယန် သံသယ ဖြစ်ကာ စိတ်ရှု့ပ်ထွေး သွားသည်။ သူက ဒိုင်းလေးကို ကျောက်တုံးနှင့်အတူ ထားပြီးနောက် ဖန်းရိုကို ခေါင်းညိတ် ပြသည်။
“ငါ ဒါကို လိုချင်တယ်…”
“ကောင်လေး…ဝမ်းနည်းပါတယ်။ အဲဒီ ဒိုင်းငယ်လေးကို ငါ မရောင်းဘူး”
အမျိုးသမီး အိုကြီးက ငိုက်မြည်းသံဖြင့် ပြောသည်။ အမျိုးသမီး အိုကြီး နှိုးသွားချေပြီ။
ရှီယန် အံ့သြသွားသည်။
------ ------- ------- ------- -------- -------- ------- ------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now