834

449 61 0
                                    

Chapter 834: မမြင်ရသော ကြောက်မက်ဖွယ် လက်
ဖုန်မှုန့် မြေမှုန့်များ လိပ်ထလာအောင် လေပြင်းများ တိုက်ခတ်နေသည်။ မုန်တိုင်း၏ အလယ်တွင် မီးခိုးရောင် အရိပ်တစ်ခု ရှိနေပြီး ရှင်းရှင်းလင်းလင်း မမြင်ရပါ။ သူတို့က ထိုသူထံမှ မိစ္ဆာ အင်းအားကို ခံစား မိနေသည်။
မှုန်မှိုင်းသောလေပြင်းက တဝှီးဝှီး တိုက်ခိုက်နေသည်။ ထုထည် ကြီးမားသော ဖိအားက ရုတ်ချည်း အဆများစွာ တိုးလာသည်။ ချက်ချင်းပင် ထိုလမ်းကြား၏ နံရံ ကျောက်တုံးများ အက်ကွဲ ပေါက်ကွဲကုန်သည်။ မိုးစက်မိုးမှုန်များ လွင့်စင်သည့်နှယ် ကျောက်တုံးအပိုင်းအစများ ပြန့်ကျဲကုန်သည်။
နားစည်ကို ထိုးဖောက်လုမတတ် စူးရှစွာတိုက်ခတ်နေသော လေပြင်းက ရှီယန်၏ အသိစိတ်ပင်လယ်ထဲသို့ ထက်ရှသော ဓားသွားအလား တိုက်ရိုက် တိုးဝင်သွားသည်။
နတ်ဘုရားအသိစိတ်နယ်ပယ်မှ နာကျင်မှုကို ရှီယန်ခံစားမိသည်။ ထိုအခိုက်၌ သူ စိတ်အာရုံ စူးစည်း၍ မရတော့ပါ။ သူ့ဝိညာဉ် ယဇ်ပလ္လင်သို့ အတွေး ပို့လွှတ်၍ မရတော့ပါ။ သူ့နတ်ဘုရား ဝိညာဉ်က အသိစိတ်ပင်လယ် အထက် ဝိညာဉ် ယဇ်ပလ္လင်မှ ဆွဲထုတ်ခံလိုက်ရသည့်နှယ် လွင့်မျောနေသည်။
တဝှီးဝှီး တိုက်ခတ်နေသော လေထဲတွင်…
ထုထည် ကြီးမားသော ဖိအားက လေထုကို သိပ်သည်းအောင် ပြုလုပ်သည်။ အရာဝတ္ထုများ လောင်ကျွမ်းသော ညှော်နံ့က လေထဲသို့ ပျံလွင့်လာသည်။ ကျောက်တုံးမိုးများ ကျဆင်းလာသည်။ လေဖြင့် စွမ်းအား ပေးနေမှုကြောင့် ကျောက်စများသည် လေးလံသော တောင်ကြီးအလား၊ တန်ချိန်သောင်းချီလေးလံနေသည့်အလား၊ ထူထဲသိပ်သည်းသော ပင်လယ်ရေထုအလား ဖိချလာသည်။
လေဓါတ်နတ်ဘုရားအသိနယ်ပယ်အတွင်း၌ လေပြင်းတိုက်သံက အရာရာကို ေ၀၀ါးအောင် ပြုလုပ်သည်။ ကောင်းကင် တစ်ခုလုံး ကြီးမားသော မီးခိုးရောင် နယ်မြေ ဖြစ်လာသည်။ ကြောက်မက်ဖွယ်ရာလေပြင်းက အရာအားလုံးကို ဆုတ်ဖြဲတော့မည့်အလား ထင်မှတ်ရသည်။
“ပိတ်လှောင်စမ်း…”
ရှီယန် ရူးသွပ်စွာ အော်ဟစ်သည်။ သူ့အသံက ကောင်းကင်ကို ရိုက်ခတ်သည်။ သူ့မျက်နှာက ခက်ထန်နေသည်။
သူ့နတ်ဘုရား ခန္ဓာကိုယ်မှ မရေမတွက်နိုင်သော ဟင်းလင်းပြင် စွမ်းအင်လှိုင်းများက ဒီရေလှိုင်းလုံးကြီးများသဖွယ် မြင့်တက်လာသည်။
မမြင်နိုင်သော ချိန်းကြိုးများဖြင့် ပတ်ဝန်းကျင်ကို ရစ်ပတ်ဖျစ်ညှစ်လိုက်သည့်အလား “ခွပ်” ဟူသောပဲ့တင်ထပ် ထွက်ပေါ်လာသည်။
ဖန်းရိုက ရှီယန်၏ အနီးတွင် မျက်လုံးမှိတ်လျှက် ထိုင်နေသည်။ သူမ၏ အမူအရာက ရေကဲ့သို့ တည်ငြိမ် အေးချမ်းနေသည်။ သို့သော် သူမ၏ လှပသော မျက်ခုံးကို တွန့်ကွေးထားသည်။ သူမ၏ နှုတ်ခမ်းက ဟလျှက်ရှိပြီး ထက်ရှသော ဓားတစ်စင်းအလား အသံလှိုင်းများ ထွက်ပေါ်လာသည်။ ၄င်းတို့က မီးခိုးရောင် မုန်တိုင်း အလယ်ရှိ မှုန်ဝါးဝါး အရိပ်ဆီ ကြမ်းတမ်းစွာ ပြေးဝင်သွားသည်။
ဘုန်း ဘုန်း ဘုန်း…
ရိုက်ခတ်မြည်ဟီးသံများ အဆက်မပြတ် ထွက်ပေါ်လာသည်။ ဖန်းရိုက အသံ စွမ်းအင် အသိကို အသုံးပြုကာ လေမုန်တိုင်းကို အဆက်မပြတ် တိုက်ခိုက်သည်။
မီးခိုးရောင် ဖုန်မှုန့် အစိတ်အပိုင်းကြီး တစ်ခု ပျောက်ကွယ်သွားသည်။ သို့သော် ခဏမျှ ကြာပြီးနောက် လေက တဖန် ပြန်လည် ဖြည့်တင်း တိုက်ခတ်လာပြန်သည်။
ပြင်းထန်သော လေက လှည့်ပတ်နေပြီး အရာအားလုံးကို မွှေနှောက် ရှင်းလင်း သွားသည်။
ရှီယန် စွမ်းအင် စုစည်းပြီး နတ်ဘုရားအသိကို ဖော်ထုတ်ကာ ဟင်းလင်းပြင်ချုပ်လှောင်ခြင်းဖြင့် တိုက်ခိုက်သည်။ သို့သော် လေပြင်းက သူ၏ တိုက်ခိုက်မှုကို ချက်ချင်း ဆုတ်ဖြဲ သွားသည်။
ပကတိ မျက်လုံးဖြင့် မြင်နိုင်သော လေပြင်းမုန်တိုင်းက ကောင်းကင်တွင် လှည့်ပတ်နေပြီး သူတို့ဆီသို့ အရပ်မျက်နှာ ပေါင်းစုံမှ ပြေးဝင်လာသည်။ အရာအားလုံးကို ဖျက်ဆီးပစ်တော့မည့်စွမ်းအင်များ သယ်ဆောင်ကာ နားကွဲလုမတတ် လေတိုးသံများနှင့်အတူ လျှင်မြန်စွာ ရွေ့လျားလာသည်။
လမ်းကြား အတွင်းရှိ ကျောက်တိုင်များ ကောင်းကင်ထက် လွင့်ပါသွားသည်။ ပြီးနောက် မုန်တိုင်းက ၎င်းတို့ကို အမှုန့်ချေ ပစ်သည်။ နံရံများ ပေါက်ကွဲ ကြေပျက် ကုန်သည်။ မုန်တိုင်းက နယ်မြေ အတွင်းရှိ သက်ရှိ အားလုံးကို ချေဖျက် ချင်သည့်အလား အရာအားလုံးကို ဖုံးအုပ် သွားသည်။
ဖန်းရို မျက်လုံးပိတ်လျှက် မျက်မှောင်ကြုတ်ရင်း လက်ဟန်သင်္ကေတများပြုလုပ်သည်။ သူမက စူးစူးဝါးဝါး အော်ဟစ်ရင်း အဆက်မပြတ် ပစ်လွှတ်သည်။
သူမ၏ အသံသင်္ကေတများ ပေါက်ကွဲသွားပြီးနောက် ထက်ရှသော ကြိုးမျှင်များသဖွယ်သိပ်သည်းကာ မီးခိုးရောင် လေမုန်တိုင်းကို ထိုးစိုက်သည်။ သို့သော် သူတို့က သန်မာသောမုန်တိုင်းကို မချိုးဖျက်နိုင်ပါ။ မုန်တိုင်း အတွင်းရှိ လူကို သူမ အန္တရာယ် မပေးနိုင်ချေ။
နယ်ပယ် နှစ်ခုကြား ကွာဟမှုသည် လူသားနှင့် နတ်ဘုရားလို ဝေးကွာသည်။ ရိုးရှင်းသော စွမ်းအင်များ အသုံးပြုခြင်းက ထိုကွာဟချက်ကို အလှမ်းမမှီနိုင်ပါ။ သူတို့က တဖက်လူ၏ နတ်ဘုရား နယ်ပယ် သို့မဟုတ် အားနည်းချက်ကို မတိုက်ခိုက်နိုင်ပါ။
ဝှစ်…ဝှစ်…ဝှစ်…
မုန်တိုင်းထဲတွင် အရိုးလှံပျံ သုံးချောင်း ထွက်ပေါ်လာပြီး ထိုအရိပ်ကို တိုက်ခိုက်ရန် ကြိုးစားသည်။
လေဓါးသွားများက ဆေဘာဓါးပင်လယ်ကြီးသဖွယ် ဟင်းလင်းပြင်ထဲတွင် သိပ်သည်းသည်။အရိုးလှံပျံ သုံးချောင်းက လေဓားသွား အချို့ကို ချိုးဖျက်သော်လည်း လေကို ထိန်းချုပ်ထားသည့် လူအား ဘာမှ မလုပ်နိုင်ပါ။
ဘုန်း…
မိုးကြိုးမုန်တိုင်း ကျဆင်းလာသည့်နှယ် မမြင်နိုင်သော လေပွေကြိုးမျှင်များ ရှေ့သို့ ဝှေ့ယမ်း သွားသည်။ အချိန်တို အတွင်း၌ ရှီယန်နှင့် ဖန်းရိုကို တင်းကျပ်စွာ ချည်နှောင်သည်။ သူတို့ မရုန်းနိုင်တော့ပါ။
လက်မ အရွယ်ခန့် မီးခိုးရောင် လေပွေကြိုးမျှင်များ ဖြည်းညင်းစွာ ပေါ်ထွက်လာပြီး သူတို့ နှစ်ယောက်ကို တင်းတင်းကျပ်ကျပ် ချည်နှောင်ထားသည်။
ပြင်းထန် ကြမ်းတမ်းစွာ အော်မြည်နေသော လေထုက ရုတ်တရက် ရပ်တန့် သွားသည်။ မုန်တိုင်း အတွင်းမှ ခပ်မှိန်မှိန် ပုံရိပ်က ဖြည်းညင်းစွာ ထွက်ပေါ်လာသည်။
“ဖန်ယဲ့…”
ဖန်းရို အော်ဟစ်သည်။
“ ရှင်ကောင်းကင်ပြစ်ဒဏ် မြို့ကို လာရဲတယ်…ဟုတ်လား။ ကောင်းကင်ပြစ်ဒဏ် မြို့က အပျက်အဆီး နေရာ တစ်ခုလို့ ရှင်ထင်နေတာလား…”
ထိုလူသည် ကုန်သည်ကြယ်တာရာကိုးခန်း မှ ဖန်ယဲ့ ဖြစ်ပြီး မူလ နတ်ဘုရား ပထမ အဆင့် သိုင်းသမား တစ်ယောက် ဖြစ်သည်။ မကြာသေးသောအတိတ်တွင် သူသည် ရပ်စဲလ်နှင့် တိုက်ခိုက်ပြီး ရှုံးနိမ့်ခဲ့သည်။
အချိန် ဘယ်လောက်မှ မကြာသေးဘဲ သူ ကောင်းကင်ပြစ်ဒဏ်မြို့သို့ ရောက်လာရဲသည်။ ယခု သူက ရှီယန်နှင့် ဖန်းရိုကို ဖမ်းဆီးချင်သည်။ ထိုလူက ကောင်းကင်ပြစ်ဒဏ်မြို့၏ စည်းမျဉ်းကို အမှန်ပင်ချိုးဖျက်ခဲ့သည်။
“မင်းတို့ ကောင်းကင်ပြစ်ဒဏ်မြို့ရဲ့ စည်းမျဉ်းက ငါ့ကို ဘာလုပ်နိုင်မှာလဲ…”
ဖန်ယဲ့၏ အမူအရာက အေးစက် ခက်ထန်နေသည်။ သူက အထင်သေးစွာ ပြောသည်။
“ငါတို့ ကုန်သည် ကြယ်တာရာကိုးခန်းက ကောင်းကင်ပြစ်ဒဏ်မြို့ကို အမြဲတမ်း ရှင်းလင်းချင်ခဲ့တယ်။ ဒီကြယ်နယ်မြေက ညစ်ပတ်နေပြီ။ တစ်နေ့မှာ မင်းတို့ကို အပြစ်မြတ် သုတ်သင်မယ်။ ငါ့အတွက်တော့ ကောင်းကင်ပြစ်ဒဏ်မြို့က မကြာခင် ဖျက်ဆီးခံရတော့မယ် မြို့တစ်မြို့ပဲ။ ငါက ဘာကြောင့် မင်းတို့ရဲ့ စည်းမျဉ်းတွေကို လိုက်နာရမှာလဲ…”
ဒေါသ မီးလျှံ ကြယ်တာရာ နယ်မြေရှိ အင်အားစု သုံးစုကြားတွင် ကုန်သည်ကြယ်တာရာကိုးခန်းအုပ်စုသည် နတ်ဘုရားပြစ်ဒဏ်ခတ်မြေကို နားကျည်းမှု အကြီးဆုံး ဖြစ်သည်။ သူတို့က ဓားပြများကို အမြဲတမ်း သုတ်သင် ချင်ခဲ့သည်။
ဒေါသ မီးလျှံ ကြယ်တာရာ နယ်မြေတွင် ကုန်သည်ကြယ်တာရာကိုးခန်းသည် ကုန်သွယ်မှု အကြီးများဆုံး၊ လူအင်အား အများဆုံးနှင့် လုပ်ငန်အများဆုံး လုပ်ကိုင်သည်။ နတ်ဘုရားပြစ်ဒဏ်ခတ်နယ်မြေ၏ ဓားပြများက သူတို့၏ ရန်သူများ ဖြစ်သည်။ ထိုဓားပြများကကုန်သည်ကြယ်တာရာကိုးခန်း ယဉ်များကို မကြာခန လုယက်ပြီး ခိုးရာပါကုန်ပစ္စည်းများကို ကောင်းကင်ပစ်ဒဏ်မြို့တွင် ပြန်လည် ရောင်းချသည်။ ရလဒ် အနေဖြင့် သူတို့၏ အကျိုးစီးပွားကိုကြီးကြီးမားမား ထိခိုက်ခဲ့သည်။
အကယ်၍သာ နတ်ဘုရားပြစ်ဒဏ်ခတ်မြေတွင် ဝိညာဉ်အသိပင် ထိုးဖောက်နိုင်ခြင်းမရှိသော ကစဉ့်ကလျား အန္တရာယ်နယ်မြေများ မရှိခဲ့လျှင် ကုန်သည်ကြယ်တာရာကိုးခန်းက က ဓားပြထုကြီးကို ရှင်းလင်းနေပြီ ဖြစ်သည်။
“ရှင်က ကျမတို့လို အငယ်နှစ်ယောက်ကို တိုက်ခိုက်ရဲတယ်။ ဒါက ကောင်းတယ်လို့ ရှင်ထင်နေတာလား။ တကယ်လို့ ရှင်သတ္တိရှိရင် ရပ်စဲလ်ကို သွားရှာပြီး လက်စား ချေလိုက်လေ။ သူမြို့ထဲမှာ ရှိနေတာပဲ…”
ဖန်းရို ဒေါသတကြီး ပြောသည်။
“ငါ လုပ်မှာပါ။ ရပ်စဲလ်က သေခြင်းကနေ မလွတ်နိုင်ဘူး။ သူ သေရမယ်။ ဒါက သံသယ ရှိစရာ မလိုဘူး”
ဖန်ယဲ့က ခပ်သဲ့သဲ့ ပြုံးရင်း…
“ဒါပေမဲ့…မင်းတို့ နှစ်ယောက်မှာ ကိုယ်ပိုင် တန်ဖိုးရှိတယ်။ ဗလာ စိတ်ကူးယဉ် သလင်းကျောက် ဘယ်မှာလဲ။ ဗလာ စိတ်ကူးယဉ် သလင်းကျောက်က အဖိုးတန် ပစ္စည်းပဲ။ ဒါကို ဝယ်ဖို့ ငါတို့ ပိ်ုက်ဆံ အများကြီး သုံးခဲ့ရတယ်။ ကောင်လေး တစ်ယောက် ခိုးသွားတာကို ငါတို့ ခွင့်မပြုနိင်ဘူး…”
ခဏမျှ ရပ်နားပြီးနောက်…
ဖန်ယဲ့က ဖန်းရိုကို စိုက်ကြည့်ကာ ပြောသည်။
“ဖန်းခါ့က မင်းကို အချစ်ဆုံးလို့ ငါ ကြားတယ်။ သူက ကြယ်တာရာ မြေပုံနဲ့ မင်းရဲ့ အသက်ကို အလဲအလှယ်လုပ်မလား သိချင်မိတယ်။ ငါ ဖန်းခါ့ကို စဉ်းစားဖို့ အချိန် ပေးမှာပါ။ အချိန်ကျလို့ အလဲအလှယ် မလုပ်ခဲ့ရင်တော့ မင်း ငါကို အပြစ် မတင်နဲ့ပေါ့…”
ထိုသို့ ပြောရင် ဖန်ယဲ့က ရှီယန်နှင့် ဖန်းရိုဆီသို့ လျှောက်လာသည်။
ဝှစ်…။
လေပြင်းတစ်ချက် ဖြတ်စီးသွားသည်။ ရှီယန်၏ လည်ပင်းပေါ်တွင် ပြတ်ရာတစ်ခု ရုတ်တရက် ပေါ်လာသည်။ ၎င်းက သွေးလွှတ်ကြောနှင့် မျဉ်းတစ်ကြောင်း စာမျှသာ ဝေးသည်။
ဖန်ယဲ့၏ လက်ချောင်းများတွင် လေဓားသွား တစ်ခု ထွက်ပေါ်လာသည်။ သူက အေးစက်စက် ပြောသည်။
“ဗလာ စိတ်ကူးယဉ် သလင်းကျောက် ဘယ်မှာလဲလို့ ငါ သိချင်တယ်…”
ရှီယန်၏ မျက်လုံးက အနီရောင် ပြောင်းသွားသည်။ သူက ဖန်ယဲ့ကို ကြည့်ကာ ပြောလိုက်သည်။
“ငါ ဖျက်ဆီးလိုက်ပြီ…”
ဖန်ယဲ့၏ မျက်နှာ ပြောင်းလဲသွားသည်။ သူ့လက်ချောင်းကြားမှ လေဓားသွားက ရှီယန် လည်ပင်းပေါ်ရှိ သွေးလွှတ်ကြောကို ဖြတ်တောက်ရန် ပျံသန်း သွားသည်။
ဘုန်း…။
တောင်ပြို ကျသည့်အလား ရုန့်ရင်းကြမ်းတမ်းသော စွမ်းအားတစ်ခု ရှီယန့်ခန္ဓာကိုယ်မှ ပေါက်ကွဲထွက်လာသည်။
မီးခိုးရောင် လေကြိုးက ချက်ချင်း ကျိုးပြတ်သွားသည်။ ရှီယန်က ခန္ဓာကိုယ် အတွင်းရှိ သေခြင်းမဲ့ မိစ္ဆာသွေး၏ စွမ်းအားကို အသုံးပြုလိုက်ခြင်းဖြစ်သည်။ ထိုအခိုက်၌ ရှီယန်က လှောင်အိမ်ကို ချိုးဖျက် ထွက်လာသော သားရဲရိုင်း တစ်ကောင်သဖွယ်ပင်ဖြစ်၏။ သူ့အဟုန်က ကြမ်းတမ်း ကြောက်မက်ဖွယ် ကောင်းသည်။ သူ့မျက်လုံးက အနီရောင် ဖြာထွက်နေသည်။ သေခြင်းအသိ မြင့်တက်လာသည်။ ပျက်သုဉ်းခြင်း စွမ်းအင်က သေခြင်းနိမိတ် အမှတ်အသားအဖြစ် ပြောင်းလဲကာ ဖန်ယဲ့ဆီသို့ ရိုက်ခတ်သည်။
သေခြင်း နိမိတ်က သေမင်း၏ သွေးလက်ဝါးကြီးနှင့် တူသည်။ ၎င်းယူဆောင်လာသော သိပ်သည်းသည့် သွေးနံ့က အလွယ်တကူ ပျက်ပြယ်မသွားပါ။ လက်ဝါးက ကောင်းကင် အမိုးခုံး တစ်ခုလုံးကို ဖျက်ဆီးတော့မည့် အလား ထင်မှတ်ရသည်။
ကြမ်းတမ်းရက်စက်သော ကြောက်မက်ဖွယ် စွမ်းအင်များနှင့်အတူ ပျက်သုဉ်းခြင်း ခံစားမှုများ တစ်ပြိုင်နက်တည်း ပေါက်ကွဲထွက်သွားသည်။ သူ ရှီယန်ကို မတိုက်ခိုက်ခင်မှာပင် ပျက်သုဉ်းခြင်း စွမ်းအင် သူ့ဝိညာဉ် ယဇ်ပလ္လင်ကို သက်ရောက်စေသည်။
ထိုနောက် ဖန်ယဲ့က သူ့ကိုယ်သူ သွေးပင်လယ် အတွင်း၌ ရပ်နေသည်ဟု ထင်မြင်လာသည်။ သူ့မျက်နှာအမူအယာက ပျက်ယွင်းသွားပြီး သူ၏ သတ်ဖြတ်ခြင်း အော်ရာ ပြင်းထန်စွာ ပေါက်ကွဲ ထွက်လာသည်။
ဘန်း…
ကောင်းကင်အထိ မြင့်သော လေမုန်တိုင်း ထွက်ပေါ်လာပြီး သေခြင်းနိမိတ်တော်ကို တိုက်ခိုက်သည်။ ကောင်ကင်းနှင့် မြေကြီးသည်ပင် တုန်ခါသွားသည်။ ကမ္ဘာဖျက် စွမ်းအားက ဖန်ယဲ့၏ အတားအဆီးကို အစိတ်စိတ် ဖျက်ဆီးသည်။
စွမ်းအင် အလင်းတန်းများ နေရာအနှံ့ လွင့်ပျံကုန်သည်။ တုန်ခါမှု လှိုင်းကြောင့် သူတို့နှင့် မီတာ တစ်ရာ ဝန်းကျင်ရှိ အဆောက်အဦးမြင့်များ ပေါက်ကွဲ ကုန်သည်။ များစွာသော သိုင်းသမားများ ထိခိုက်နာကျင်ကုန်သည်။
ဖန်ယဲ့ လေထဲတွင် ဝဲပျံနေဆဲ ဖြစ်သည်။ သို့သော် သူ တုန်ရီနေသည်။ သူ့မျက်နှာက ဖျားနာနေသလို အနီရောင်သို့ ပြောင်းလဲသွားသည်။
ရှီယန်က သေခြင်းမဲ့ မိစ္ဆာသွေးကို သိပ်သည်းပြီး သေခြင်းနိမိတ် အမှတ်အသား ဖန်းတီးကာ တောင်ပြိုကမ်းပြိုစွမ်းအားကို ထုတ်လွှတ်ခဲ့သည်။ ဖန်ယဲ့ ထိမှန်ခံရသည်။ သူ့နတ်ဘုရား နယ်ပယ်ဖြင့် ဖန်းတီးထားသော အတားအဆီး ပျက်ဆီးသွားသည်။
အတားအဆီး ပျက်ဆီးသွားပြီးနောက်…ချက်ခြင်းလိုလိုပင်
ဤပြင်းထန်သော တိုက်ပွဲကြောင့် ကောင်းကင် အပြစ်ပေး မြို့ရှိ ကျွမ်းကျင်သူများ လာရောက် တော့မည်မှန်း ဖန်ယဲ့ သိလိုက်သည်။
ရှီယန်ကို ချုပ်နှောင်ပြီး ဗလာ စိတ်ကူးယဉ် သလင်းကျောက် နေရာကို မေးမြန်းရန် မဖြစ်နိုင်တော့ပါ။ ဖန်းရိုကို ဖမ်းဆီးပြီး ဖန်ခါ့ထံမှ ကြယ်တာရာ မြေပုံဖြင့် လဲလှယ်ခြင်းက မှန်ကန်သည်။
ရှီယန်၏ မျက်နှာက သွေးနံ့ကို ရနေသည့် ဒေါသထွက်နေသော သားရဲ တစ်ကောင်အလား ခက်ထန်နေသည်။ သူ့အနီရောင် မျက်လုံးထဲတွင် သွေးအလင်းများ တောက်ပနေသည်။ သူ့ခန္ဓာကိ်ုယ် အတွင်းရှိ သေခြင်းမဲ့ မိစ္ဆာ သွေးစက်က ပွက်ပွက်ဆူလာပြီး အဆုံးမဲ့ စွမ်းအားများ ထုတ်ပေးနေသည်။
သူ့ သွေးကြောဆုံမှတ်များမှ ပျက်သုဉ်းခြင်းစွမ်းအင်များ အလုံးအရင်းလိမ့်တက်လာသည်။ သေခြင်းစွမ်းအင်ဖြင့်ဖန်တီးထားသော နတ်ဘုရားအသိစိတ်နယ်ပယ်နှင့် ပြီးပြည့်စုံစွာ ပေါင်းစည်းသည်။ သူ့ဝိညာဉ် ယဇ်ပလ္လင်ထဲတွင် သေခြင်း စွမ်းအား လှုပ်ရှားနေပြီး သူ့ခန္ဓာကိုယ်ကို ဗဟိုပြုကာ သွေးပင်လယ်ကြီးအဖြစ် ဖန်တီးသည်။ သိပ်သည်းသော သွေးနံ့က ကောင်းကင်ထိတိုင် စိမ့်ဝင်သွားပြီး သတ္တဝါတိုင်းကို ဖုံးအုပ်သွားသည်။
သတ္တဝါများထံမှ အသက်စွမ်းအင်များကို တိတ်တဆိတ် စုပ်ယူသည်။ သူ သတိ မပြုမိခင်မှာပင် ဖန်ယဲ့၏ ခန္ဓာကိုယ်မှ အလင်းစက်များ ထွက်ပေါ်လာပြီး နတ်ဘုရား နယ်ပယ် ဗဟိုရှိ ရှီယန်၏ နတ်ဘုရား ခန္ဓာကိုယ်ဆီသို့ ဖြည်းညင်းစွာ ပျံသန်းလာသည်။
“ချိုးဖျက်စမ်း…”
ရှီယန် အသက်ပြင်းပြင်း ရှုလိုက်သည်။ သူက ဖန်းရို၏ ခန္ဓာကိုယ်ပေါ်မှ လေကြိုးကို အားကုန် ဆွဲဖြတ်ပြီး အချုပ်အနှောင်မှ လွတ်မြောက်စေသည်။
“မင်းတို့ နှစ်ယောက်လုံးကို သတ်ရတော့မယ့် ပုံပဲ…”
ဖန်ယဲ့ စက္ကန့် အနည်းငယ်မျှ စဉ်းစားပြီးနောက် သူ့မျက်နှာက မည်းမှောင်သွားသည်။ သူက စွမ်းအင်အဆင့် ကွာဟမှုအားသားချက်ကို အသုံးပြုကာ ရှီယန်နှင့် ဖန်းရိုကို သတ်ချင်နေသည်။
မူလနတ်ဘုရား အဆင့် ကျင့်ကြံသူ အနေဖြင့်…
ဤတိုက်ပွဲတွင် သူ စွမ်းအား အကုန် မသုံးရသေးပါ။ ရှီယန်နှင့် ဖန်းရိုကို မဖမ်းနိုင်သဖြင့် သူ ဒေါသ ထွက်သွားသည်။ သူတို့ကို သတ်ရန် ဆုံးဖြတ်လိုက်သည်။
ဝှစ် ဝှစ် ဝှစ်
လေက တဖန် မြင့်တက်လာသည်။ ကောင်းကင်ကိုပင် ဆုတ်ဖြဲမည့် လေမုန်တိုင်း တစ်ခု ဖန်ယဲ့အနီးတွင် ဖွဲ့စည်းလာသည်။
ထိုအခိုက်၌ ဖန်ယဲ့က ထုထည် ကြီးမားသော လေမုန်တိုင်း တစ်ခုအဖြစ် ပြောင်းလဲသွားဟန် ရပြီး ဧရိယာ တစ်ခုလုံးကို ဖုံးအုပ်သည်။ သူ၏ ကြောက်မက်ဖွယ် လေစွမ်းအားက အပြင်းအထန် လှုပ်ရှားသည်။ ၎င်းက အစောပိုင်း တိုက်ခိုက်မှုထက် အဆများစွာ သန်မာသည်။
ဖန်းရိုနှင့် ရှီယန်ကို သတ်ချင်နေသောကြောင့် ဖန်ယဲ့၏ စွမ်းအင်က တလိမ့်လိမ့် ဆက်လက် မြင့်တက်လာသည်။
သို့သော် သူက ရှီယန်နှင့် ဖန်းရို သေရမည်ဟု ပြောရန် ပါးစပ် ဖွင့်လိုက်စဉ်မှာပင် သူ့မျက်နှာက ဖျော့တော့ သွားသည်။ သူ့လက်နှစ်ဖက်က သူ့လည်ပင်းကို ပြန်ဖမ်းဆုပ်သည်။ သူ့မျက်ဝန်းတွင် အလွန်အမင်း ကြောက်ရွံ့မှုများ အထင်သား မြင်နေရသည်။
သူ့နတ်ဘုရား ခန္ဓာကိုယ်က နောက်သို့ တရှိန်ထိုး လွင့်စင်သွားကာ ကျောက်တုံး အဆောက်အဦး ဆယ်လုံးကို ချိုးဖျက် သွားသည်။ သို့သော် သူက အဝေးသို့ တရွတ်တိုက် ဆွဲခေါ်ခံနေရဆဲ ဖြစ်သည်။
မမြင်နိုင်သော လက်တစ်ဖက်က သူ့ကို ဖမ်းဆုပ်ကာ ဟင်းလင်းပြင် အတွင်းသို့ ဆွဲခေါ်သွားသည်။ ဖန်ယဲ့ ဘာမှ မလုပ်နိုင်ပါ။ သူ့လေစွမ်းအင်က အလျင်အမြန် ပျက်ဆီးသွားသည်။
ဖန်ယဲ့သည် မူလ နတ်ဘုရား နယ်ပယ် ဖြစ်သည်။ သို့သော် ထိုအင်အားအောက်တွင် သူက မရုန်းကန်နိုင်သော ခွေးသေ တစ်ကောင်နှင့် တူ၏။
မျက်စိတစ်ဆုံး တရွတ်တိုက် ပါသွားသော ဖန်ယဲ့ကို ကြည့်ပြီးနောက် ရှီယန်နှင့် ဖန်းရိုတုန်လှုပ်နေကြသည်။
“သွားစို့”
ဖန်းရို စိတ်ကိုကြိုးစားထိန်းချုပ်ပြီးနောက် အော်လိုက်သည်။ သူမက ရှီယန့်လက်ကို ဆွဲကာ အပြာရောင်မိစ္ဆာ အခြေစိုက်စခန်းသို့ အရူးအမူး ပြေးလွှားသွားသည်။
ရှီယန် ဒယိမ်းဒယိုင်ဖြင့် သူမ အနောက်မှ ပျံသန်းလိုက်ပါလာသည်။ သို့သော် တစ်စုံတစ်ခုကို စိတ်ထဲ ထင့်နေကာ ဖေးလန်၏ ဆိုင်ရှိရာ အရပ်သို့ စိတ်ရှုပ်ထွေးစွာ လှည့်ကြည့်လိုက်မိသည်။
----- ------ ------- ----- ----- ------ ------ ------- -----

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Où les histoires vivent. Découvrez maintenant