845

424 60 0
                                    

Chapter 845: အမှောင်ထု ဝန်းရံခြင်း…
“သူက ဒီလိုမျိုး သေဆုံး သွားတာလား…”
ခါသေ့ ကြောက်လန့်သွားကာ သူ့မျက်နှာ အမူအရာ အနည်းငယ် ပြောင်းလဲ သွားသည်။
သူသည်လည်း ဖန်ယဲ့ကဲ့သို့ မူလ နတ်ဘုရား ပထမ အဆင့် ဖြစ်သည်။ ကောင်းကင်ပြစ်ဒဏ်မြို့တွင် ဖန်ယဲ့ အသတ်ခံ ရသည်။ အကယ်၍ သူ အဆင်အခြင်မဲ့ ပြုလုပ်လျှင် သူ့ဝိညာဉ်လည်း ပျက်ဆီး သွားပေလိမ့်မည်။
“ဟုတ်တယ်…သူ သေပြီ။ သူက ကောင်းကင်ပြစ်ဒဏ် မြို့မှာ အသတ်ခံရတာ။ ငါ ကုန်သည် ကြယ်တာရာ ကိုးခန်းကနေ ဒီသတင်းကို ရခဲ့တာ…”
အိုကူဒိုက ခေါင်းညိတ်ကာ သတင်းကို အတည်ပြုပေးသည်။
“ဖန်ဟီ ဒေါသ ထွက်ခဲ့တယ်။ ကုန်သည် ကြယ်တာရာ ကိုးခန်းကနေ ကောင်းကင် ပြစ်ဒဏ်မြို့ကို သူ တစ်ယောက်ထဲ လာနေပြီ။ သူက သူ့ညီလေး အတွက် လက်စား ချေချင်တယ်။ ဖန်မိသားစုရဲ့ ကျော်ကြားမှုက အချိန်တို အတွင်း ရောက်ရှိလာတော့မယ်။ ဒီအဖြစ်အပျက်က ကောင်းကင်ပြစ်ဒဏ်မြို့ကို လှုပ်ရှားစေတယ်…”
ခဏမျှ စဉ်းစားပြီးနောက် အိုကူဒိုက ဆက်ပြောသည်။
“အခု ကောင်းကင်ပြစ်ဒဏ်မြို့မှာ ကြောက်မက်ဖွယ် တည်ရှိမှု တစ်ခု ရှိတယ်ဆိုတာ သေချာ သွားပြီ။ ဒီလူက မြို့ရဲ့ စည်းမျဉ်းကို စောင့်ကြည့်နေတယ်။ တိုက်ခိုက်တဲ့ ဘယ်သူမဆို ပြင်းပြင်းထန်ထန် အပြစ်ပေး ခံရမယ်။ ဒီလို အစွမ်းထက် လူတစ်ယောက်ရဲ့ မျက်လုံးထဲမှာ ငါက ဘာမှ မဟုတ်ဘူး။ တကယ်လို့ ငါတို့ ကြယ်တာရာ မြေပုံကို လိုချင်ရင် ဖန်းခါ့တို့ နတ်ဘုရား အပြစ်ပေး ကုန်းမြေကနေ ထွက်သွားတဲ့အထိ စောင့်ရမယ်…”
ခါသေ့နှင့် ကျိယောင်တို့၏ မျက်နှာ မည်းမှောင်သွားသည်။
“လီအိုနာ ဘယ်မှာလဲ။ တကယ်လို့ ငါရဲ့ တွက်ချက်မှု မှန်ကန်ခဲ့ရင် သူမက အရင်ဆုံး ရောက်နေရမှာ။ သူမက မင်းတို့နဲ့ မဆက်သွယ်ဘူးလား…”
အိုကူဒိုက သိချင်စိတ်ဖြင့် မေးသည်။
ခါသေ့နှင့် ကျိယောင်တို့ ခေါင်းခါသည်။ သွေးစွန်းတပ်ဖွဲ့ တပ်မှူး၏ အရိပ်အယောင်မျှ သူတို့ မတွေ့မိပါ။
“သူမ မြို့ထဲမှာ ရှိတာ သေချာတယ်…”
အိုကူဒို မျက်နှာ မည်းမှောင် သွားသည်။
“အခု သူမ ဘယ်မှာလဲဆိုတာ ကြည့်လိုက်မယ်…”
အိုကူဒိုက ဝိညာဉ် အသိကို ထုတ်လွှတ်သည်။ ကောင်းကင် အပြစ်ပေး မြို၏ ကောင်းကင်ပေါ်တွင် သူ့မျက်လုံး ရှိနေဟန် ရပြီး လီအိုနာ၏ အော်ရာကို ရှာဖွေ နေသည်။
အိုကူဒိုနှင့် လီအိုနာသည် မဟာ ရန်သူများ ဖြစ်သည်။ သူတို့က နှစ်ပေါင်းများစွာ အပြင်းအထန် ယှဉ်ပြိုင်ခဲ့သည်။ သူက လီအိုနာ၏ အော်ရာနှင့် အလွန် ရင်းနှီးသည်။ ပြီးလျှင် သူ့နယ်ပယ်က လီအိုနာထက် မနိမ့်ကျပါ။ ယင်းကြောင့် သူတွင် ထိုသို့ ပြောဆိုရန် ယုံကြည့်ချက် ရှိသည်။
သို့သော် သူ ဝိညာဉ် အသိထုတ်လွှတ်ပြီး လုံလောက်အောင် မရှာဖွေနိုင်ခင်မှာပင် ကောင်းကင်ပြစ်ဒဏ်မြို့၏ ထောင့်တစ်နေရာမှ ကြောက်မက်ဖွယ် စွမ်းအင်လှိုင်း တစ်ခုကို တွေ့လိုက်သည်။
ထိုဧရိယာမှ အမှောင် အလင်းများ ကျယ်ပြန့်နေသည်။ အလင်းများ ဖြတ်ကျော် သွားပြီးနောက် အမှောင်ထုက အရာရာတိုင်းကို ဝန်းရံ သွားသည်။
ထိုအမှောင် အတွင်း၌ စွမ်းအင် အတက်အကျ သို့မဟုတ် အခြား လှုပ်ရှားမှုများ မရှင်းလင်းပါ။ ဝိညာဉ် အသိက ဘာမှ အာရုံ မခံနိုင်ပါ။
အိုကူဒို တုန်လှုပ် သွားသည်။ သူ့ကိုယ်သူ ချက်ချင်း စုစည်းသည်။
“ဒါ လီအိုနာပဲ”
ခါသေ့ ကြောက်ရွံ့သွားသည်။
ထိုစွမ်းအင်လှိုင်းက သန်မာလွန်းသည်။ အိုကူဒို သာမက ခါသေ့လည်း ၎င်းကို ခံစား မိသည်။
“သူမက ကောင်းကင်ပြစ်ဒဏ်မြို့မှာ အမှန်တကယ် ရှိနေတယ်…”
“သူမ ရောက်နေပြီ။ သေစမ်း…ဒီကြောက်မက်ဖွယ် အမှောင် စွမ်းအင် အတက်အကျက မူလ နတ်ဘုရား နယ်ပယ် သိုင်းသမား အားလုံးကို ထိတ်လန့် စေလိမ့်မယ်။ ဒုက္ခ များပြီ…”
အိုကူဒို မျက်နှာ ရှုံ့မဲ့ကာ ဒေါသ ထွက်သွားသည်။
“သူမ ထွက်ပေါ်လာပြီးဆိုတော့ ငါတို့ ဒီမှာ ရှိနေတယ်ဆိုတာ သူတို့ သိသွားလိမ့်မယ်။ ငါတို့ နောက်ထပ် ခြုံခို မတိုက်ခိုက် နိုင်တော့ဘူး…”
ခါသေ့နှင့် ကျိယောင်က ဘာမှ မပြောပါ။ သူတို့က အိုကူဒိုနောက်မှ ပျံသန်း သွားသည်။ သူတို့က အမှောင် စွမ်းအင်များ ထွက်ပေါ်နေသော နယ်မြေသို့ ဦးတည် သွားသည်။
တစ်ချိန်တည်းမှာပင်…။
ကောင်းကင်ပြစ်ဒဏ်မြို့၊ အခြား နယ်မြေများရှိ မူလ နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူ အချို့လည်း ထိတ်လန့် သွားသည်။ ထိုအမှောင် စွမ်းအင်က သူတို့ကို လွှမ်းခြုံ လာသည်ဟု ခံစားမိသည်။ အနည်းငယ် တုံ့ဆိုင်းပြီးနောက် သူတို့က ထိုဧရိယာသို့ တစ်ဟုန်ထိုး ပြေးသွားသည်။
သူတို့သည် ဖန်ခါ့၊ ရပ်စဲလ်၊ ကျိနုံ၊ဘာရတ်တီ၊ ဂျက်စတာ၊ လီမိသားစု၏ ခေါင်းဆောင် လီရွှယ်ဖုန်းနှင့် ပိုင်ထျန်းတို့ ဖြစ်သည်။ မူလ နတ်ဘုရား နယ်ပယ်၏ မြင့်မားသော တည်ရှိမှုက ထိုအော်ရာကို ခံစား မိသည်နှင့် လီအိုနာမှန်း ချက်ချင်း အတည်ပြုခဲ့သည်။
လီအိုနာသည် ဒေါသ မီးလျှံ ကြယ်တာရာ နယ်မြေတွင် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ အမှောင် စွမ်းအင်က သူမ၏ အမှတ်အသား ဖြစ်သည်။ သူတို့ ၎င်းကို မြင်သည်နှင့် အုတ်အော် သောင်းနင်းဖြစ်အောင် ပြုလုပ်သူကို ချက်ချင်း သိလိုက်သည်။
ကောင်းကင်ပြစ်ဒဏ်မြို့၏ ဓားပြများက အင်အားစု သုံးစု၏ အဖွဲ့ဝင်များကို မုန်းတီးသည်။ လီအိုနာသည် အမှောင် နတ်ဘုရား နိုင်ငံ၏ အကောင်းဆုံး လူသတ်သမား ဖြစ်သည်။ အမှန်တော့ သူတို့က သူမကို အမုန်းဆုံး ဖြစ်သည်။
အထူးသဖြင့် ဤတစ်ကြိမ်တွင် အမှောင် စွမ်းအင်လှိုင်း ထွက်ပေါ်လာခြင်းက ကွဲပြားသည်။ လီအိုနာက သူမ၏ သိမ်မွေ့သော စွမ်းအင် အသိကို နားလည် သဘောပေါက်ရန် ကြိုးပမ်းနေချိန် ဖြစ်သည်။
အကယ်၍ သူတို့က ဤအခွင့်အရေးကို ယူပြီး လီအိုနာကို တိုက်ခိုက်လျှင် သူမ၏ စွမ်းအင် အားလုံးကို အသုံးပြုနိုင်မည် မဟုတ်ပါ။ ဤတစ်ကြိမ်တွင် သူတို့က သူမကို သတ်ဖြတ်နိုင်ကောင်း နိုင်ပေလိမ့်မည်။
လူတိုင်း စိတ်လှုပ်ရှား နေပြီး သူမ၏ တည်နေရာသို့ တစ်ဟုန်ထိုး ပြေးဝင် သွားကြသည်။
အမှောင် စွမ်းအင် ဝန်းရံထားမှုကြောင့် သူတို့က ကိုယ့်လက်ချောင်းကိုယ်ပင် မမြင်ရပါ။
ပိန်းပိတ်အောင် နက်မှောင်သော အမှောင်ထုက လီအိုနာကို ဝန်းရံထားသည်။ ကြောက်မက်ဖွယ် အမှောင်စွမ်းအင် စီးကြောင်း ထွက်ပေါ်လာပြီး နေရာတိုင်းကို ဖယ်ရှား သွားသည်။
ရှီယန်နှင့် ကာထို့တို့ ညီအစ်ကိုက တစ်ယောက်ကို တစ်ယောက် မမြင်ရသလို့ လီအိုနာကိုလည်း မမြင်ရပါ။ အမှောင်ထုက သူတို့ အားလုံးကို ဝန်းရံထားသည်။
သို့သော် သူတို့က လီအိုနာ၏ တည်ရှိမှုကို ရှင်းရှင်းလင်းလင်း ခံစားမိသည်။ သူမက သူတို့၏ ဝိညာဉ် အသိ ပင်လယ်ထဲတွင် အမှောင်နေကြီး တစ်စင်းအလား ကမ္ဘာပျက် စွမ်းအင် အတက်အကျကို ထုတ်လွှတ်နေသည်။
အမှောင်ထု ကျယ်ပြန့်လာပြီး အရပ်မျက်နှာတိုင်းသို့ ရောက်ရှိသွားသည်။ မီနစ် တစ်ချို့ပြီးနော် အမှောင်ထုက စတုရန်း မိုင် တစ်သောင်းကျော် ကျယ်သော ကောင်းကင်ပြစ်ဒဏ်မြို့တစ်ခုလုံးကို ဖုံးလွှမ်း သွားသည်။
ကောင်းကင်ပြစ်ဒဏ်တစ်မြို့လုံးက အမှောင်ထု အတွင်း၌ နစ်မြှုပ် သွားသည်။ လူတိုင်းက ကိုယ့်လက်ချောင်းကို မမြင်ရတော့ပါ။
သိုင်းသမားများက တစ်ယောက်ကို တစ်ယောက် မမြင်ရပါ။ သူတို့က ဝိညာဉ် အသိကို အသုံးပြုကာ အာရုံ ခံနေရသည်။
သလင်းကျောက် သို့မဟုတ် စွမ်းအင် အရင်းအမြစ်ကို အသုံးပြုပါစေ…အလင်းတစ်ချက် လင်းသွားသည်နှင့် အမှောင်ထုက ချက်ချင်း ဝါးမျို သွားသည်။ အမှောင် စွမ်းအင်က မည်သည့် အလင်းမျှ ခွင့်ပြုဟန် မရပါ။
“သူမ…သူမ အမှောင် စွမ်းအင် အသိကို နားလည်နေပြီ”
ကာဖူ၏ အသံက အမှောင်ထဲတွင် တုန်လှုပ် ခြောက်ခြားစွာ ထွက်ပေါ်လာသည်။
“ငါတို့က သူမ အနီးမှာ ရှိနေတယ်။ ငါတို့မှာ မမျှော်လင့်တဲ့ အရာတစ်ခုခု မဖြစ်နိုင်ဘူး မဟုတ်လား…”
သူတို့ တစ်ယောက်ကို တစ်ယောက် မမြင်ရသည့်တိုင် သူတို့၏ စကား ဆက်သွယ်မှုကို မကန့်သတ်ထားပါ။ သူတို့က ဝိညာဉ် အသိကို အသုံးပြုကာ အခြားသူများကို ဆက်သွယ် နိုင်သည်။
“မင်း ဘာကို စိုးရိမ်နေတာလဲ”
ရှီယန် နှာခေါင်း ရှုံ့လိုက်သည်။
“တကယ်လို့ သူမက မင်းကို သတ်ချင်ရင် မင်း အခု သေနေပြီ။ သောက်အဓိပ္ပာယ် မရှိတာတွေ မပြောနဲ့…”
“သူမရဲ့ စွမ်းအင်ကို မထိန်းချုပ်နိုင်မှာ ငါ ကြောက်တယ်။ သူမက စွမ်းအင်ကို နားလည် သဘောပေါက်အောင် ကြိုးစားနေတာ ဆိုတော့ ငါတို့ရဲ့ တည်ရှိမှုကို မေ့လျော့နိုင်တယ်။ သူမရဲ့ နယ်ပယ်နဲ့ စွမ်းအား မြင့်တက်လာရင် ငါတို့ ချက်ချင်း သေသွားလိမ့်မယ်။ သူမက ငါတို့ကို မတော်တဆ သတ်မိမှာ ကြောက်တယ်…”
အမှောင်ထုထဲတွင် ကာဖူ စိုးရိမ်နေသည်။ သူ့အသံပင် တုန်ရီနေသည်။
လီအိုနာသည် အမှန်တကယ့် နာမည်ဆိုးဖြင့် ကျော်ကြားသည်။ သူမက သွေးဆာမှု အတွက် ကျော်ကြားသည်။ ကာဖူ သူမကို ကြောက်သည်။ ယနေ့ သူမက ကမ္ဘာဖျက် စွမ်းအင်ကို ထုတ်လွှတ်ခဲ့သည်။ အမှန်တော့ သည်လူသားကို ပိုမို ကြောက်ရွံ့သည်။
“မဟုတ်ဘူး။ သူမက အမှောင် စွမ်းအင်ကို အလွယ်တကူ ထိန်းချုပ်နိုင်တယ်။ သူမရဲ့ နယ်ပယ်နဲ့ဆို သတိလက်လွတ် အခြေအနေကို ကျဆင်းမှာ မဟုတ်ဘူး”
ကာထို့က ယုံကြည့်မှု မရှိသော်လည်း သူ့ညီကို သက်သောင့်သက်သာ ဖြစ်စေရန် အကောင်းဆုံး ကြိုးစားသည်။
“ကျွမ်းကျင်သူ တချို့ လာနေပြီ”
ရှီယန် ပြောလိုက်သည်။
ကာထို့လည်း ၎င်းကို ခံစားမိသည်။
“တစ်ယောက်ထဲ မဟုတ်ဘူး။ အို သေစမ်း…ကောင်းကင်ပြစ်ဒဏ်မြို့ထဲက မူလ နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူ အားလုံး လာနေပြီ။ ဒီတစ်ကြိမ် ငါတို့ ပြဿနာ အကြီးကြီး တက်ပြီ…”
“ငါတို့ ဘာလုပ်သင့်လဲ”
ကာဖူ ငိုချင်သွားသည်။
“သူမက အမှောင် နတ်ဘုရား နိုင်ငံရဲ့ ထိပ်တန်း စစ်သူကြီး တစ်ယောက်ပဲ။ တကယ်လို့ ဖန်းခါက ငါတို့ သူမနဲ့ အတူ ရှိနေတာ သိရင် ကောင်းကင်ပြစ်ဒဏ်မြို့တော်မှာ ငါတို့ ရပ်တည်လို့ ရမှာ မဟုတ်တော့ဘူး။ တကယ်လို့ ငါတို့က ရန်သူနဲ့ တစ်ဖက်ထဲ ရပ်နေတယ်လို့ သူတို ယူဆသွားရင် ငါတို့ရဲ့ သက်မွေးလုပ်ငန်းက အချိန်တို အတွင်း ဖျက်ဆီး ခံရလိမ့်မယ်…”
ကာထို့ မျက်မှောင် ကြုတ်သည်။ သူက တိတ်ဆိတ်နေသည်။ သူသည် သူ့ညီလေးကို ဘယ်လို တည်ငြိမ်အောင် လုပ်ရမှန်း မစဉ်းစားတက်တော့ပါ။
“သူမက အမှောင် စွမ်းအင် အသိကို သင်ယူနေတယ်။ ငါတို့ အခု ဘာမှ မပြောသင့်ဘူး…တကယ်လို့ အခုချိန်မှာ တစ်ယောက်ယောက်က သူမကို နှောင့်ယှက်ရင် သူမရဲ့ စွမ်းအင် အသိ တိုးတက်မှု အပေါ် သက်ရောက် သွားလိမ့်မယ်”
ရှီယန် ပြောသည်။ သူက ခဏမျှ စဉ်းစားပြီးနောက် ဆက်ပြောသည်။
“ငါတို့…သူမကို ကာကွယ်ဖို့ အကောင်းဆုံး ကြိုးစားသင့်တယ်။ အနာဂတ်မှာ ဘယ်လိုပဲ ဖြစ်လာပါစေ…ငါတို့က တစ်ဖက်ထဲ ရပ်တည်ရမှာပဲ။ ငါတို့ တစ်ယောက်ကို တစ်ယောက် ကူညီသင့်တယ်…”
“စီနီယာ…ငါလည်း သူမကို ကူညီချင်တယ်။ ဒါပေမဲ့ ငါတို့သုံးယောက်က ဘာရတ်တီ တစ်ယောက်ထဲတောင် ပြိုင်ဘက် မဟုတ်တာ။ ဒီကို ဦးတည် လာနေတဲ့ လူအားလုံးက ကောင်းကင် အပြစ်ပေး မြို့ရဲ့ မူလ နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူ အားလုံးပဲ။ အပြင် လူတွေလည်း ပါလိမ့်မယ်လို့ ထင်တယ်။ ငါတို့က သူမကို ဘယ်လို ကူညီနိုင်မှာလဲ။ ညီလေးပဲပြောပါဦး…”
ကာထို့ မပြောဘဲ မနေနိုင်တော့ပါ။
သူ့စကားကို နားထောင်ပြီးနောက် ရှီယန် တိတ်ဆိတ် သွားသည်။
ဟုတ်တယ်…ဒါ အမှန်တရားပဲ။ သူတို့က သူမကို ဘယ်လို့ ကူညီနိုင်မှာလဲ။ ဝင်ရောက်လာတဲ့ အင်အားစုတွေကို သူတို့ ခုခံနိုင်မှာလား။ နတ်ဘုရင် နယ်ပယ် သိုင်းသမား သုံးယောက်ထဲနဲ့လား…။
သူ ရုတ်တရက် ခေါင်းကိုက်သွားပြီး အကူအညီ ကင်းမဲ့မှုကို ခံစားမိသည်။
ယင်းကား သူတို့၏ နယ်ပယ် နိမ့်ကျမှုနှင့် စွမ်းအင် မလုံလောက်မှုကြောင့် ဖြစ်သည်။ အကယ်၍ သူတို့တွင် လီအိုနာလို့ စွမ်းရည်မျိုး ရှိလျှင် အပြင်သို့ ထွက်ကာ သူမအတွက် ရန်သူများကို ခုခံနိုင်သည်။ သို့သော် သူက နတ်ဘုရင် နယ်ပယ် အဆင့် သိုင်းသမား ငယ်လေး တစ်ယောက်သား ဖြစ်သည်။ မူလ နတ်ဘုရား နယ်ပယ်အဆင့် ကျွမ်းကျင်သူများနှင့် ထိပ်တန်း ရင်ဆိုင်ရလျှင် သူ ဘာလုပ်နိုင်မည်နည်း။
သူတို့ သုံးယောက် ပြဿနာကို မဖြေရှင်းနိုင်ခင် အမှောင်ခန်းထဲတွင် ကြမ်းရှသော အသံတစ်သံ ထွက်ပေါ်လာသည်။
“ဒီသောက်ကောင်မလေးက ငါ ရပ်ကြည့် မနေနိုင်ဘူးဆိုတာ သိတယ်။ ဒါကြောင့်ပဲ သူမက ဒီလိုမျိုး အဆင်အခြင်မဲ့ လုပ်ရဲတာ…”
အသံက ရပ်သွားသည်။ အမှောင်အလင်းထဲတွင် အမှောင်ထု၏ သက်ရောက်ခြင်း မခံရသော ပုံရိပ်ယောင်တစ်ခု အခန်းထဲတွင် ရှင်းလင်းစွာ ပေါ်လာသည်။ ဖေးလန် အမှောင်ထဲတွင် နောက်ထပ် မရပ်နိုင်တော့ပါ။
“အ…အဖွား”
ကာထို့ တုန်လှုပ် သွားသည်။ သူက စိတ်လှုပ်ရှားကာ ဒူးထောက် ဦးညွတ်သည်။
“ဒီနှစ်တွေမှာ ကျွန်တော်ကို ဂရုစိုက်ပေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။ ကာထို့က ဘဝ တစ်လျှောက်လုံး အဖွားရဲ့ ကူညီပေးမှုကို ဘယ်တော့မှ မမေ့ပါဘူး…”
ဖေးလန် နှာခေါင်း ရှုံ့သည်။
“မင်း ငါ့ကို ကျေးဇူးတင်ဖို့ မလိုဘူး။ မင်းရဲ့ နဖူးပေါ်က အမှတ်အသားကြောင့် ငါ လုပ်ခဲ့တာ။ မဟုတ်ရင် မင်းရဲ့ သေခြင်း ရှင်ခြင်းကို ငါ ဂရုမစိုက်ဘူး”
ခဏမျှ နားပြီးနောက် သူမက ရှီယန်ကို ကြည့်ကာ…
“မင်း မဆိုးဘူး။ အန္တရယ်တွေ လာနေတာတောင်း မင်းက လျစ်လျူ မရှုဘဲ အကောင်းဆုံး ကူညီဖို့ ကြိုးစားတယ်…”
ရှီယန် ရှက်သွားသည်။
“ကျွန်တော်ရဲ့ နယ်ပယ်နဲ့ စွမ်းအားက နိမ့်ကျလွန်းတယ်။ ကျွန်တော် ကူညီချင်ရင်တောင် အများကြီး မလုပ်နိုင်ဘူး။ ကျွန်တော်က အပြောပဲ ရှိတယ်။ တကယ်လို့ သူတို့လာရင် ကျွန်တော်က သူတို့ အားလုံးရဲ့ ပစ်မှတ် ဖြစ်လာလိမ့်မယ်…”
“မင်း ဒီလို တွေးတာက လုံလောက်နေပြီ”
ဖေးလန် ခေါင်းညိတ်ကာ ဆက်ပြောသည်။
“မင်းတို့ သုံးယောက် လမ်းမပေါ်မှာ ရပ်နေလိုက်။ မင်းတို့ တခြားသူတွေနဲ့ ဒီနေရာကို လာတဲ့ ပုံစံမျိုး လုပ်လိုက်ပါ။ မင်းတို့ ထွက်သွားလို့ ရပြီ…”
စွမ်းအင် စီးကြောင်း တစ်ခုက သူတို့ကို ထိုအိမ်အတွင်းမှ တိုက်ရိုက် အဝေးသို့ သယ်ဆောင် သွားသည်။ သူတို့ အမှောင်ထဲမှ ဦးတည်ရာ မသိသော နေရာသို့ ရောက်ရှိသွားသည်။
သူတို့ ဆင်းသက်ပြီးနောက် လီအိုနာ၏ တည်ရှိမှုကို အာရုံ မခံမိတော့ပါ။ သူတို့ ထိုနေရာနှင့် အလွန် ဝေးသော နေရာသို့ ခေါ်ဆောင်သွားဟန် ရသည်။
“ညီလေး…ဒါ သူမပဲ။ တကယ်ကို သူမပဲ…”
ကာထို့ စိတ်ခံစားမှုများ မြင့်တက်နေသည်။
“သူမက ဒါကို ဝန်ခံခဲ့တယ်။ သူမက ငါ့အပေါ်အမြဲ ဂရုစိုက်ခဲ့တယ်ဆိုတာ ဝန်ခံခဲ့တယ်။ သူမက ငါ့ကို အကြိမ်များစွာ ကယ်တင်ခဲ့တယ်။ ငါ့ဘဝ တစ်လျှောက်လုံး ဒီလို ဂရုစိုက်မှုမျိုး ဘယ်တော့မှ မရခဲ့ဖူးဘူး…”
သူ့နှလုံးသားတွင် ထိထိခိုက်ခိုက် ခံစားရသည်။
သူ့ဘဝ တစ်လျှောက်လုံး အမြဲတမ်း သေလုနီးပါး ရုန်းကန် ခဲ့သည်။ သူ့ကို ဘယ်သူမှ ဂရုတစိုက် မဆက်ဆံခဲ့ပါ။ သူမက သူ့ကို ကယ်တင်ခဲ့ကြောင်း သိရှိသည်နှင့် သူ့နှလုံးသားထဲတွင် ကျေးဇူးတင်ရှိမှုများ စီးဆင်းလာသည်။
သည်လို ကြုံတွေ့ပြီးနောက် အနာဂတ်တွင် ကာထို့ မည်မျှ သန်မာလာပါစေ…ဖေးလန်၏ အကူအညီကို ဘယ်တော့မှ မေ့ပစ်တော့မည် မဟုတ်ဟု ရှီယန် ယုံကြည့်သည်။ ဖေးလန်က သူ့ကို သေခိုင်းလျှင် တုံ့ဆိုင်းခြင်း မရှိဘဲ သူမ၏ အမိန့်ကို အပြည့်အဝ နာခံ ပေးလိမ့်မည်။
ဤလူက ကြမ်းတမ်း ရက်စက်သည်ဟု ထင်ရသော်လည်း တစ်စုံတစ်ယောက်၏ ကျေးဇူးတရားကို သူ့နှလုံးသားထဲတွင် အပြည့်အဝ ထွင်းထုထားသည်။ သူ့ဘဝ တစ်လျှောက်လုံး ကျေးဇူးတရားကို တန်ဖိုးထား နေပေတော့မည်။
“ဟုတ်တယ်…”
ရှီယန် ပြန်ပြောပြီး မျက်လုံးမှိတ်ကာ သူ့ဝိညာဉ် အသိကို ထုတ်လွှတ်သည်။ ၎င်းတွင် ဟင်းလင်းပြင် စွမ်းအင် အသိကို ပေါင်းထည့်သည်။ သူက အမှောင်ထု ဝန်းရံမှုကြောင့် ကောင်းကင်ပြစ်ဒဏ်မြို့တော် အတွင်း အုံကြွမှုများကို မြင်ချင်သည်။
အချိန်တို အတွင်း၌ ဒေါသ မီးလျှံ ကြယ်တာရာ နယ်မြေအတွင်း တုန်လှုပ်ဖွယ် တိုက်ပွဲတစ်ခု ဖြစ်တော့မည်ကို သူ သိသည်။ သူ စိတ်လှုပ်ရှားကာ ရှေ့ဆက်တိုး လိုက်သည်။
------ ------- ------- ------- ------- -------- ------

သတ်ဖြတ်သူ သွေးနတ်ဘုရား (ရှီယန်) (Unicode + Zawgyi)Where stories live. Discover now