နေရောင်ခြည်ကားနွေးထွေးကာဖြန့်ကျက်နေသည်။ကောင်းကင်ကားလင်း၍ မြေကားထင်းနေ၏။
နေခြည်နွေးနွေးသည်တစ်ထပ်ပျဉ်ထောင်အိမ်အပုလေးပေါ်မှခရမ်းပန်းနွယ်ပင်များပေါ်ယှက်ဖြာနေသည်။
" လူလေးရေ မင့် မနက်စာစားပြီပြီလား ဖွားနေသိပ်မကောင်းလို့ ထမင်းကြမ်းကိုဆားနဲ့ဖြစ်ဖြစ်စားလိုက်ပါလားကွယ် "
" စားပြီးပြီဖွားနှစ် သား သာထန်တို့ဆီမသွားခင်ဘာလုပ်ပေးခဲ့ရဦးမလဲ "
ဖွားနှစ်ကသူ့မြေးလေးကိုကြည့်ကာပြုံးမိသည်။သည်ကလေးဟာအသက်ကငယ်ပေမယ့်ဖွားအေဖြစ်သူနာရှည်တာရောဂါသည်ကြီးအပေါ်အလွန်ကြင်နာပါ၏။ မြေးဖွားနှစ်ယောက်ထဲရုန်းကန်နေရသည်မို့ဝမ်းဝရုံမယ်မယ်သာ။
" ရပါပြီကွယ် သွားဆော့ပါ ဖွားဘုရားပန်းလဲပြီးရင်ဘုရားရှိခိုးမှာ "
ဖွားနှစ်ကအောင်သပြေပန်းများကိုရေဆေးနေရင်းပြုံးကာပြောသည်။
" ဒါဆို သွားပြီဗျို့ "
မင်းခန့်မော်ဆိုသောသူငယ်လေးသည်ကားအသက်ဆယ့်ခြောက်နှစ်ပင်ရှိသေးပါ၏။မိခင်ဒေါ်ပန်းရုံမှာ မောင်မင်းခန့်မော်မွေးပြီးမီးတွင်းထဲမှာပင်ဆုံးလေသည်။ဖအေလုပ်သူကျပြန်တော့လည်းမိန်းမဖြစ်သူ မပန်းရုံမီးဖွားတော့မည်ဟုသတင်းအကြားအပြန်လယ်ထဲပင်ပိုးထိ၍ဆုံးလေသည်။
ကျန်ခဲ့သောလူမမယ်ကလေးလေးအားဖွားအေဖြစ်သူဒေါ်နှစ်ကကျွေးမွေးပြုစုရတော့၏
" အကိုမင်းခန့် ကျုပ်တို့လယ်ထဲပုစွန်လုံးသွားနှိုက်ကြမလား "
" ဒီအချိန်ပုစွန်လုံးထွက်ပါ့မလား မိုးမှမရွာဘဲ "
" နို့ ဒါဖြင့်လဲ လယ်ကသင်းကကန်စွန်းရိုးတွေချိုးလို့ဘဲပြန်ရတာပေါ့ဗျာ "
မင်းခန့်မော်မှာဆယ့်ခြောက်နှစ်တင်းတင်းပြည့်၍လူပျိုပေါက်ပင်ဖြစ်နေပြီ။အတန်းပညာကိုးတန်းထိသင်လိုက်ရပေမယ့်ဖွားအေဖြစ်သူကျန်းမာရေးနဲ့စားဖို့ပင်အနိုင်နိုင်ဖြစ်လာကာကျောင်းနုတ်လိုက်ရသည်။
ယခုများတော့ကစားလိုက်၊ပုစွန်လုံးနှိုက်၊အရွက်ချိုးနှင့်ပင် သာထန်တို့ကလေးတစ်သိုက်နှင့်ရရစားစားလုပ်နေ၏