မိုးနတ်မင်းသည်ကား စိတ်ဆိုးနေဟန်တူ သူ့ဥတုလဲမဟုတ်ပါဘဲမိုးများသည်းကြီးမည်းကြီးရွာချလေသည်။မင်းမော်ကတော့သိုက်ရှိန်ပေးသွားသည့်အိမ်စာများကိုထိုင်ကာဖတ်နေသည်။
ဒေါ်လုံးတင်ကဇော်မွှားလုံးများကိုကတ်ကြေးနှင့်ညှပ်နေရင်း" အိုအေ သည်မိုးကတော့အချိန်အခါမဟုတ် မိတော့လူတော့အဖျားကောင်းတော့မှာဘဲ "
ဒေါ်လုံးတင်ပြောလို့ကာမှမဆုံးသေး အိမ်ဆင်ဝင်ရိပ်ထဲတစ်ကိုယ်လုံးရွဲရွဲစိုလျှက်ဝင်လာသူကားမင်းရှင်ပင်။ရေပုံးအပြည့်နှင့်ခေါင်းပေါ်ကလောင်းချခံရသလိုကြွက်စုတ်ကလေးပမာ..။
ဒေါ်လုံးတင်က ကိုကိုကြီးကိုမြင်တော့
" အကိုလေးရယ် လူတစ်ကိုယ်လုံးကိုရွဲစိုနေပါကောလား အဖျားမိတော့မယ်ကွယ် "
" ကားကဘာပြုလို့တုန်း လူချည်းပြန်လာရတာ "
" လမ်းမှာထိုးရပ်သွားလို့ စက်ပျက်တယ်ထင်တာဘဲဒေါ်ဒေါ် အိမ်နဲ့လည်းနီးနေတာနဲ့လမ်းဘဲလျှောက်ပြန်လိုက်တယ် "
" ရပါတယ် ဒေါ်ဒေါ် ကျွန်တော်ရေမြန်မြန်လေးချိုးလိုက်ပါ့မယ် "
" အေးပါကွယ် မြန်မြန်ကလေးလုပ် သည်ကလေးတော့မိုးမိရင်ဖျားလွယ်ရက်နဲ့ "
ကိုကိုကြီးကသူ့ကိုပင်မနှုတ်ဆက်နိုင် ရေစက်လက်ဖြင့်လှေကားပေါ်အမြန်ပြေးတက်သွားလေသည်။
" ဒေါ်ဒေါ် ဒါဖြင့်ကျွန်တော်လဲအပေါ်တက်တော့မယ် "
" အေးကွယ် လူလေး ဒေါ်ဒေါ်ညစာစားခါနီးကျခေါ်လိုက်လှည့်မယ် "
" ဟုတ်ကဲ့ "
သူအပေါ်ထပ်ကိုတက်လိုက်လာသည်။ကိုကိုကမိုးမိလျှင်ဖျားလွယ်သည်တဲ့။ခေါင်းလျှော်ပြီးရင်ရေကိုစင်အောင်မသုတ်တတ်သည့်ကိုကို့အကျင့်ကိုသိ၍စိတ်ပူမိသည်။
ကိုကို့အခန်းရှေ့မှာခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်မှာဘယ်နှစ်ခါမှန်းပင်မသိတော့။အခန်းထဲအဘယ်အကြောင်းပြချက်နှင့်ဝင်ရပါ့။
ကိုကိုတစ်ခါပြောဖူးသည်မဟုတ်လား စာအုပ်လိုချင်လျှင်လာယူလှည့်လို့။သူအကြံရသွားကာတံခါးခေါက်လိုက်သည်။
တံခါးလေးကအသာပွင့်၍လာသည်။ရေစိုနေသောကိုကို့မျက်နှာနုနုကလေးကသူ့ရင်ထဲမယ်လှိုင်းကလေးတွေဖြတ်ပြေးစေသည်။
တပါတ်တစ်ထည်ကိုပုခုံးမှာလွှားထားပေမယ့်ဆံစတွေကရေစိုနေဆဲ။
ရင်ခုန်ရလွန်းလို့ရူးတော့မည်ထင်။ကိုကို့အခန်းထဲဝင်,ဝင်ချင်း အနံ့သင်းသင်းကလေးရသည်။စူးသည်ရှသည်လဲမဟုတ် လေပြည်သင့်တဲ့မြေသင်းနံ့ကလေးလို။
" ဪ မင်းမော် ဝင်လေ "
" ကျွန်တော်စာအုပ်လာယူတာပါ ကိုကိုကြီး "
ကိုကိုကသူ့စာအုပ်ကိုလက်ညိုးထိုးပြကာ
" ကြိုက်တာယူ "
ကိုကို့စာအုပ်စင်လေးမှာကျွန်းသားဖြင့်လုပ်သား၍သပ်သပ်ရပ်ရပ်ကလေးပင်ဖြစ်သည်။စာအုပ်များလည်းအမျိုးအစားစုံစွာအစီအရီပင်။စာအုပ်တစ်အုပ်ကိုကောက်ကိုင်လိုက်ပြီးကိုကို့ ကိုလည်ပြန်ကြည့်မိတော့စာရွက်တချို့ကိုင်ကာအလုပ်ရှုပ်နေသလို။
ဆံစလေးတွေကရေတွေစိုနေဆဲ။သုတ်ပေးလိုက်ချင်ပေမယ့်အတင့်ရဲလွန်းသလိုများဖြစ်နေမလားလို့တွေးကာစိတ်ထဲလွန်ဆွဲနေသည်။
" မင်းမော် စာအုပ်ရှာတွေ့ပြီလား "
" ကိုကို့ ဆံပင် "
" ဟင် "
ကိုကို့ဆံပင်ရေသုတ်ပေးဖို့စိတ်ကရောက်နေတာနဲ့ဘာပြောမှန်းပင်မသိလိုက်ပါးစပ်ကလွှတ်ခနဲထွက်သွားပြီ။
" ကိုကိုကြီး ...ဟို ဆံပင်တွေရေစိုနေ.."
" ဪ သူ့ဘာခြောက်သွားပါလိမ့်မယ် "
" ဟို...ကျွန်တော်...သုတ်ပေးလို့ရမလား "