ဒေစီခင်နှင့်သိုက်ရှိန်တို့ထွက်သွားပြီးသည်ထိမင်းရှင်ကအိမ်အောက်ဆင်းမလာသေးချေ။မင်းမော်လည်းသွားခေါ်ဖို့မရဲသည်နှင့်စန္ဒရားခုံပေါ်ကနှင်းဆီဖြူတွေကိုသာကတ်ကြေးဖြင့်ညှပ်ရင်းအရိုးညှိနေလိုက်သည်။
အတန်ငယ်လောက်ကြာမှမင်းရှင်ကအနည်းငယ်ဖြူဖျော့ဖျော့နှင့်အပေါ်ထပ်ကဆင်းလာလေသည်။
" မင်းမော်...မမ သွားပြီလား "
" ဟုတ်တယ် ကိုကိုကြီး အကိုသိုက်ရှိန်နဲ့အတူလိုက်သွားတယ် "
" ဪ... သိုက်ရှိန်လာသွားသေးတာလား ယနေ့စာမသင်ဘူးဆို "
" ဟုတ်တယ်ဗျ ကျွန်တော်စာပြန်နွေးဖို့စာအုပ်လာပေးတာ "
မင်းရှင်ကခေါင်းတစ်ငြိမ့်ငြိမ့်ဖြင့်ထမင်းစားခန်းထဲသွားလေသည်။
" မမက ကိုကိုကြီးအတွက် ကာဖီဖျော်ပေးခဲ့တယ် "
" ဟုတ်လား ဟားဟား...ဒေါ်ဒေစီခင်က ကိုယ့်ကိုမျက်နှာလုပ်သွားတယ်ဆိုတော့ကာတစ်ခုခုတော့လုပ်ချင်ပြန်ပြီထင်ပ "
မင်းရှင်က ရယ်ရင်းပြောသည်။မင်းမော်မှာတော့ဖြင့်မရယ်နိုင် ကိုကို့မျက်နှာကလေးကဖြူဖျော့နေသည်။နှင်းဆီရောင်သမ်းသောခပ်ဖူးဖူးနှုတ်ခမ်းတွေကအရောင်မှိန်ချင်ချင်။နေမကောင်းဖူးထင်...
" ကိုကိုကြီး ဒီကနေ့အိပ်ရာထနောက်ကျတယ်နော် နေရောကောင်းရဲ့လားဗျာ "
" ကောင်းပါတယ်ကွာ ခေါင်းနည်းနည်းကိုက်နေလို့ပါ "
" ဆေးခန်းသွားမလား ကျွန်တော်လိုက်ပို့မယ်လေ "
" ရပါတယ်ကွာ "
လူကသာရပါတယ်ပြောတာကိုကို့ကိုကြည့်ရသည်မှာလေတိုက်လျှင်လဲတော့မည့်ကျူပင်ရိုးလေးနှယ်။ကိုကိုကဆိုးလိုက်တာဗျာ...
" ဝေါ့...အဟွတ် "
" ကိုကို... "
ကော်ဖီသောက်နေရင်းမှထအန်နေသည့်ကိုကို့ကြောင့်ရင်ထဲမီးတောင်ထပေါက်သလိုပင်။
" အဆင်ပြေရဲ့လား ဆေးခန်းသွားကြမယ်ဆို "
မင်းမော်မျက်ရည်တွေပါဝဲချင်လာသည်။တူတူနေလာသည့်တစ်လျှောက်ကိုကိုသည်လိုဖြစ်တာမျိုးမကြုံဘူးတော့ဘာလုပ်ပေးရမလဲလည်းမသိ။ကိုကို့ကိုလည်းစိတ်ပူရသည် အကြင်သူအားလေအေးကလေးတောင်မရိုက်ခတ်စေချင်ပါ...။
မင်းရှင် သူ့ကိုဂရုစိုက်လွန်းသည့်ထိုကလေးကြောင့်ကြည်နူးမိသည်ကအမှန်။ငယ်ငယ်ရွယ်ရွယ်နှင့်ဝန်ထောက်ကလေးဟူသောဘွဲ့အမည်ခံကာတည်ငြိမ်ရင့်ကျက်၍လူကြီးလူကောင်းလုပ်ခဲ့ရသည်ကများသည်။
မိခင်ဖြစ်သူဆုံးပြန်လေတော့မိန်းမသားဖြစ်သူအမနှင့်နှစ်ယောက်တည်းသာကျန်လေသည်။ ယောင်္ကျားသားဖြစ်သည့်သူက သန်မာရပေသည်။သူလည်းလူထဲကလူပေမို့ဖျားနာလျှင်တောင်ဆေးသောက်၊စောင်ခြုံကာမှေးလိုက်သည်လိုနှင့်ပျောက်လိုက်သည်သာ။ယခုလို ဂရုစိုက်မခံရသည်မှာမေမေဆုံးပြီးကတည်းကပင်။
သည်ကလေးကြောင့်တော့ကြာလျှင်အကျင့်ပျက်ပေတော့မည်။သူ့ကိုမျက်ရည်အဝဲသားနှင့်ကြည့်နေသည့်ကောင်လေးကိုစိတ်မပူစေရန်ခေါင်းလေးပုတ်ပေးလိုက်ကာ
" စိတ်မပူပါနဲ့ကွာ နားလိုက်ရင်သက်သာသွားမှာ "
" ဒါဖြင့် ကိုကိုကြီးကိုကျွန်တော်အပေါ်ထိတွဲပေးမယ် "
" သဘောဗျာ "
ကုတင်ပေါ်ကိုတင်ပေးပြီးကိုကို့အားစောင်ခြုံပေးလိုက်သည်။မရည်ရွယ်ပါဘူး..သိုပေမယ့်စိတ်ပူသည်ကစော၍နဖူးနုနုအားလက်ဖြင့်အသာထိလိုက်မိသည်။ပူနွေးနွေးအထိအတွေ့သူ့ကိုယ်တွင်းရှိသွေးများအားပြောင်းပြန်စီးစေသည်။
" ဟို...အဖျားရှိလားလို့ ကိုယ်နည်းနည်းနွေးနေတယ် အိပ်လိုက်ပါဦး "
" အင်း "
ကိုကိုအိပ်ပျော်သည်ထိစောင့်ပြီးကာမှအခန်းထဲကထွက်လာလိုက်သည်။အိပ်ပျော်နေသူအားအခွင့်မတောင်းဘဲခိုးယူမိသည့်အနမ်းနုနုကိုတော့အရှင်သခင်ခွင့်လွှတ်စေဖို့မရဲပါ။ အာဒိန္ဒါဒါနကံကိုဤတစ်ကြိမ်တော့ဖြင့်ကျေကျေနပ်နပ်မြောက်ပါရစေ...။